မီဒီယာများကို အကြမ်းဖက်တိုက်ခိုက်ခံရမှုများအား ဖော်ပြမည့် ဝက်ဘ်ဆိုက်တစ်ခုကို ပါကစ္စတန်ဂျာနယ်လစ်များ လွှင့်တင်

မီဒီယာများကို အကြမ်းဖက်တိုက်ခိုက်ခံရမှုများအား ဖော်ပြမည့် ဝက်ဘ်ဆိုက်တစ်ခုကို ပါကစ္စတန်ဂျာနယ်လစ်များ လွှင့်တင်

အယ်ဒီတာများ ဘေးကင်းလုံခြုံရေး (EFS) အဖွဲ့က ပါကစ္စတန်စာနယ်ဇင်ဖောင်ဒေးရှင်း (PPF) နှင့် ပူးပေါင်းကာ ပါကစ္စတန်ဂျာနယ်လစ်များ အမှတ်တရ ဝက်ဘ်ဆိုက်ကို နိုဝင်ဘာ ၂ ရက်တွင် ကျရောက်သည့် ရာဇဝတ်မှု ကျူးလွန်သူများအား ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့ အထိမ်းအမှတ်နေ့ မတိုင်မီ တစ်ရက်အလိုက ကရာချိစာနယ်ဇင်းကလပ်တွင် ဖွင့်လှစ်လိုက်သည်။

ပါကစ္စတန်ရှိ မီဒီယာများအား အကြမ်းဖက်ခြိမ်းခြောက်တိုက်ခိုက်မှုများနှင့် ပြဿနာများကို အထူးအလေးထား ဆောင်ရွက်သည့် EFS အဖွဲ့သည် အယ်ဒီတာများ၊ သတင်းစာများ၊ ရုပ်သံလိုင်းများနှင့် အွန်လိုင်းသတင်းလုပ်ငန်း အများအပြားမှ သတင်းလုပ်ငန်းဆိုင်ရာ ဒါရိုက်တာများဖြင့် ဖွဲ့စည်းအထားသည့် အဖွဲ့အစည်းဖြစ်သည်။

ပါကစ္စတန်ဂျာနယ်လစ်များ အမှတ်တရ ဝက်ဘ်ဆိုက်သည် EFS ၏ ပရောဂျက်တစ်ခုဖြစ်ပြီး ပါကစ္စတန်တွင် မီဒီယာသမားများကို ညှဉ်းပန်းနှိပ်စက်မှုများအား ဖော်ပြရန်နှင့် တာဝန်ထမ်းဆောင်စဉ်အတွင်း အသက်စွန့်လွှတ်သွားခဲ့ရသော ရဲရင့်သူများ၏ လုပ်ကိုင်စွန့်လွှတ်မှုများကို အသိအမှတ်ပြုဖော်ပြသွားမည့် ဝက်ဘ်ဆိုက် ဖြစ်သည်။

ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကင်းလွတ်ခွင့်ရနေသူများကိုလည်း ဝက်ဘ်ဆိုက်တွင် ဖော်ပြသွားမည်ဖြစ်သည်။ အစိုးရအနေဖြင့် ၎င်း၏ တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်ရန် သတိပေးခြင်း၊ တရားမျှတမှုရှိစေရေးနှင့် ခြိမ်းခြောက်မှုသံသရာ အဆုံးသတ်ရေးတို့ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။

ဝက်ဘ်ဆိုက်အား ဖန်တီးခဲ့သူ Dawn.com သတင်းဌာန၏ အယ်ဒီတာ ဂျာဟာန်ဇစ်ဟာကက်က https://editorsforsafety.org/ ဝက်ဘ်ဆိုက်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

“သေဆုံးသွားခဲ့ရတဲ့ ဂျာနယ်လစ်တွေရဲ့ ဖြစ်ရပ်မှန်တွေနဲ့ အမည်တွေကို ဖော်ပြထားပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အင်တာဗျူးတွေ ပါဝင်ပေမယ့် အန္တရာယ်မဖြစ်စေဖို့ သတိထားပါတယ်။ သူတို့ပြောတာတွေနဲ့ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်ဖို့ လုပ်ဆောင်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

“ဖြစ်စဉ် ၉၀ ရာခိုင်နှုန်းမှာ တိုက်ခိုက်သူတွေကို ကျွန်တော်တို့ မသိရှိရပေမယ့် တစ်နေရာရာက တစ်စုံတစ်ဦးဦးကတော့ ဒီလုပ်ရပ်အတွက် တာဝန်ယူရမှာပါ။ ဒီအချက်အလက်တွေကို အင်္ဂလိပ်ဘာသာနဲ့သာမကဘဲ အူရဒူ၊ ဆင်ဓီအပြင် အခြားဒေသဆိုင်ရာ ဘာသာစကားတွေနဲ့ ထားရှိပြီး အားလုံးသိရှိနိုင်အောင် လုပ်ဆောင်ရမှာပါ” ဟု လည်း ၎င်းက ပြောကြားသည်။

ပါကစ္စတန်စာနယ်ဇင်ဖောင်ဒေးရှင်း (PPF) ၏ ကိန်းဂဏန်းများအရ ၂၀၀၂ ခုနှစ်နောက်ပိုင်း ဂျာနယ်လစ် ၇၆ ဦး သတ်ဖြတ်ခံခဲ့ရသည်။

“သတင်းလုပ်ငန်းဟာ ရာဇဝတ်မှုမဟုတ်ပေမယ့် အမှန်တရားနဲ့ အမှန်တရားကို ခေါင်းငုံ့မခံနိုင်တဲ့ သူတွေရဲ့ ပြောချင်တဲ့စကားတွေအတွက် စွမ်းအားတွေပဲ ဖြစ်ပါတယ်” ဟု အကြီးတန်းဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂါဇာလာဖာရှစ်က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly