တရုတ်လူငယ် ၈၇ ရာခိုင်နှုန်း အကြွေးတင်နေ

By Taiwan News
07 November 2021
တရုတ်လူငယ် ၈၇ ရာခိုင်နှုန်း အကြွေးတင်နေ

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံတွင်းမွေးဖွားသူ ၁၇၅ သန်း၏ ၈၆ ဒသမ ၆ ရာခိုင်နှုန်းသည် လက်ရှိတွင် အကြွေးတင်နေကြောင်း တရုတ်နိုင်ငံမှ အစီရင်ခံစာသစ်တစ်စောင်တွင် ဖော်ပြထားသည်။

Bank of China Consumer Finance နှင့် အချက်အလက်ဝက်ဘ်ဆိုဒ် Datagooတို့မှ ပူးပေါင်းထုတ်ဝေသည့် အဆိုပါလေ့လာမှုသည် တရုတ်နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကြားတွင် ဖြစ်ပေါ်နေသည့် စိုးရိမ်စရာ ငွေကြေး သုံးစွဲမှုအလေ့အထကို အလေးထားထောက်ပြခဲ့ကြောင်း တရုတ်အစိုးရမီဒီယာ People's Daily က ဖော်ပြခဲ့သည်။

အသက် ၁၈နှစ်မှ ၃၂နှစ်ကြားရှိ တရုတ်လူငယ်များသည် "ယခုဝယ်၊ နောက်မှပေးချေ" သည့် ပုံစံဖြင့် စားသုံးမှုကို ပြုမှုသည့် အလေ့အထရှိကြောင်း ယင်းက ထုတ်ဖော်ခဲ့သည်။

မတတ်နိုင်သော်လည်း ပိုမိုကောင်းမွန်သော အတွေ့အကြုံများနှင့် အရည်အသွေးမြင့် ထုတ်ကုန်များအတွက် ၎င်းတို့၏ ပိုက်ဆံကို သုံးရခြင်းဖြင့် စိတ်ပျော်ရွှင်ကြသည်။

အများအားဖြင့် ဖိနပ်လျှော်စက်၊ နံနက်စာစက်နှင့် ကြက်ဥပြုတ်စက်များအပါအဝင် "အချိန်ကုန်သက်သာပြီး လုပ်အားချွေတာသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ" ကို အလွန်အကျွံသုံးစွဲသော တရုတ်လူငယ်များသည် အဆင်ပြေမှုကိုသာ အဓိကထားကြောင်း People's Daily က ဆိုသည်။ ယင်းပစ္စည်းများသည် နှစ်အတော်ကြာ အောင် ရောင်းအားကောင်းခဲ့သည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ရောင်းအားအကောင်းဆုံးအချိန်ဖြစ်သည့် ဈေးဝယ်ရာသီတွင် အီလက်ထရောနစ် အရောင်းအဝယ်ဝက်ဘ်ဆိုဒ်များပေါ်တွင် ယင်းပစ္စည်းများကို အကြိမ် ၃ သိန်းရှာဖွေခဲ့ပြီး ယခင်နှစ်ထက် ၂၀ဝ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု အစီရင်ခံစာတစ်စောင်က ဆိုသည်။

၁၉၉၀ပြည့်နှစ်များတွင် မွေးဖွားသည့် တရုတ်လူငယ်များသည် အိမ်မွေးတိရစ္ဆာန်များကိုလည်း နှစ်သက် ကြသည်။ ကိန်းဂဏန်းအချက်အလက်များအရ ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင်မွေးဖွားသော စားသုံးသူများသည် အိမ်မွေးတိရစ္ဆာန်နှင့်ပတ်သက်သည့် အသုံးစရိတ်အားလုံး၏ ၄၀ ရာခိုင်နှုန်း ရှိပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် မွေးဖွားသူများက သုံးစွဲသည့်ပမာဏသည်လည်း ၃ နှစ်ဆက်တိုက် တိုးမြှင့်လာခဲ့သည်။

အလှအပ၊ ဖျော်ဖြေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်များသည်လည်း သုံးစွဲမှုများသော ကဏ္ဍများ တွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly