ရှင်ကျန်းဒေသတွင် ဖိနှိပ်ခံရမှုများ အသွင်ပြောင်းလဲလာ

ရှင်ကျန်းဒေသတွင် ဖိနှိပ်ခံရမှုများ အသွင်ပြောင်းလဲလာ

လေတံခွန်များ တလူလူလွင့်နေပြီး ပြုပြင်မွမ်းမံထားသော ဗလီများအပြင်ဘက်တွင် ကလေးများ ပြေးလွှားနေကြသည့် ဒေသသည် ၂၀၂၁ ခုနှစ်ကာလက တရုတ်နိုင်ငံ အနောက်ပိုင်းနယ်စပ်ဒေသ ရှင်ကျန်းပင်ဖြစ်သည်။ ပြင်ပလူများကို လာရောက်ကြည့်ရှုခွင့်ပေးထားပြီး တရုတ်ဝါဒဖြန့်မှုကို ပြသနေသည်။

ခရီးသွားဧည့်သည်လာရောက်နေရာများ၏ သန့်ရှင်းသပ်ရပ်သောလမ်းများအလွန်တွင် မတူခြားနားသည့် ဖြစ်ရပ်မှန် အခြေအနေများ တည်ရှိနေသည်။

အင်အားတောင့်တင်းသော ရဲကင်းလှည့်မှုများနှင့် ကျယ်ပြောလှသော ပြန်လည်ပညာပေးရေး အဆောက်အအုံများသည် ပျောက်ကွယ်သွားနိုင်သော်လည်း လုံခြုံရေးတင်းကျပ်သော အကျဉ်းထောင်များ၊ ပြင်းထန်သောဝါဒဖြန့်မှုနှင့် အယူဝါဒသွတ်သွင်းမှု၊ နေရာအနှံ့စောင့်ကြည့်မှု၊ လူဦးရေထိန်းချုပ်မှုနှင့် အတင်းအကျပ်လုပ်အားခိုင်းစေမှုများ ထိုအရပ်တွင် ရှိနေဆဲဖြစ်သည်။

အစိုးရသည် ယဉ်ကျေးမှုပေါင်းစည်းရန် ထူးခြားဆန်းပြားသော ခရီးသွားနေရာတစ်ခုနှင့် ဘေးကင်းလုံခြုံသောနေရာတစ်ခုအဖြစ် ဒေသ၏ပုံရိပ်ကို ပြုပြင်မွမ်းမံရေးတွင် အာရုံစိုက်နေသည်။

ပြုံးရွှင်နေသော လူနည်းစုတိုင်းရင်းသားပုံများပါ‌သော ဝါဒဖြန့်ပိုစတာအများအပြားကို တွေ့ရှိရသလို သတင်းအချက်အလက်လုပ်ငန်းများကလည်း ရှင်ကျန်းရှိပြည်သူများသည် တရုတ်ကွန်မြူနစ်ပါတီကို ကျေးဇူးတင်နေသည်ဟု ကမ္ဘာက ယုံကြည်စေရန် ကခုန်နေသော ဝီဂါများ၏ပုံကို ဝါဒဖြန့်ရာတွင် အဓိကအကြောင်းအရာများအဖြစ် အသုံးပြုကြသည်။

သို့သော် ၂၀၁၇ ခုနှစ် တွင် ဝီဂါများနှင့်တခြားတိုင်းရင်းသားလူနည်းစုများအပေါ် တရုတ်အစိုးရ၏ ဖိနှိပ်မှုများ ပထမဆုံးထွက်ပေါ်လာပြီး နေက်ပိုင်း ဖြစ်ရပ်အများအပြား ပေါ်ထွက်လာသည်။

၂၀၁၄ ခုနှစ် မေလမှစတင်၍ ဒေသအဝှမ်း အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးလှုပ်ရှားမှုကို စတင်လျက် အစိုးရသည် မတရားဖမ်းဆီးထောင်ချခြင်း၊ အရှိန်မြှင့်ပြီး အလွန်အမင်းနှောင့်ယှက်သော စောင့်ကြည့်ရေးယန္တရားများနှင့် ပြုပြင်ရေးစခန်းဟုခေါ်သောနေရာများကို တည်ဆောက်ခြင်းဖြင့် ရှုပ်ထွေးရက်စက်သောစနစ်ကို ချမှတ်ထားသည်။ ထိန်းသိမ်းရေးနှင့်အယူဝါဒသွတ်သွင်းရေးကွန်ရက်ဖြစ်သော ပြုပြင်ရေးစခန်းများတွင် လူပေါင်း ၁ သန်းထက်မနည်း ထိန်းသိမ်းထားသည်။

တရုတ်အစိုးရ၏ မူဝါဒထဲတွင် အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒနှင့် ခွဲထွက်ရေးဝါဒ စသည့် မကောင်းသောအင်အားစု ၃ ရပ်ကို အနိုင်ယူရန်ဖြစ်သည်။

လက်တွေ့တွင် ၎င်းမူဝါဒသည် ရှင်ကျန်း၏ ဌာနေတိုင်းရင်းသားများအား အတောမသတ်သော အကြောက်တရားအောက်တွင် ရှိနေစေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly