ကိုဗစ်-၁၉ ရောဂါ တရုတ်တွင် ဆက်လက် ပျံ့နှံ့နိုင်

ကိုဗစ်-၁၉ ရောဂါ တရုတ်တွင် ဆက်လက် ပျံ့နှံ့နိုင်

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပြန်လည်ရင်ဆိုင်နေရကာ ထပ်မံ ကူးစက်ပျံ့နှံ့ နိုင်ခြေရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောထားပြီး အာဏာပိုင်များက ပြည်သူများအား ပြည်နယ်အတွင်း ခရီးသွားလာမှုရှောင်ကြဉ်ရန်လည်း သတိပေးထားသည်။

တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ကို ကောင်းကောင်းထိန်းချုပ်ထားသော်လည်း အထူးသဖြင့် ဖေဖော်ဝါရီလ ၂၀၂၂ ဆောင်းရာသီအိုလံပစ်အတွက် ပြင်ဆင်ဆဲကာလတွင် ဒေသတွင်း မကြာမကြာတွေ့ရှိရသည့် ရောဂါဖြစ်ပွားမှုများကို နှိမ်နင်းရန် ဆုံးဖြတ်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြည်နယ်ပေါင်း ၁၁ ခုတွင် ဒေသတွင်းကူးစက်မှု ၁၀၀ ထက်မနည်းတွေ့ရှိခဲ့ကာ ဖြစ်ပွားမှုအများစုသည် မတူညီသောခရီးသွားအဖွဲ့ ၁၃ ဖွဲ့နှင့်ဆက်စပ်သည်။

ရာသီဥတုဆိုင်ရာအကြောင်းရင်းများအထောက်အပံ့ဖြင့်လည်း ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုပျံ့နှံ့လာနိုင်သည့်အန္တရာယ် တိုးနေကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်မှပြောရေးဆိုခွင့်ရှိသူ မီဖန်းက အောက်တိုဘာ ၃၁ တွင် သတင်းထောက်များအားပြောကြားခဲ့သည်။

ရောဂါဖြစ်ပွားနေသည့် Delta မျိုးကွဲသည် လွန်စွာကူးစက်လွယ်ကြောင်း၊ မျိုးဗီဇအစီအစဉ်မှာလည်း အစောပိုင်းကဖြစ်ပွားခဲ့သည့် ရောဂါရင်းမြစ်နှင့် ခြားနားကြောင်းနှင့် ကူးစက်မှုအသစ်ဖြစ်စဉ်များသည် ပြည်ပရင်းမြစ်အသစ်တစ်ခုမှ ရောက်လာခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်မှ ဒုတိယဒါရိုက်တာ ဝူလျန်ကျိုးက ပြောသည်။

ကူးစက်မှုမြင့်မားသည်ဟုယူဆရသော ဒေသများနှင့်ပတ်သက်သည့် ပြည်နယ်ဖြတ်ကျော်ခရီးစဉ်များ မစီစဉ်ရန် အာဏာပိုင်များသည် ခရီးသွားအေဂျင်စီများအား တားမြစ်ထားကာ ကမ္ဘာလှည့်ခရီးသည်အများအပြားကိုချိတ်ဆက်ပေးသည့် ခရီးသွားဝန်ဆောင်မှုအချို့ကို နိုင်ငံအဝှမ်း ရပ်ဆိုင်းထားသည်။

အောက်တိုဘာ ၂၃ ရက်အထိ တရုတ်နိုင်ငံလူဦးရေ၏ ၇၅ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် ၁ ဒသမ ၀၆၈ ဘီလီယံသည် ကာကွယ်ဆေး အပြည့်အဝထိုးပြီးဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင် မရှိမဖြစ်အလုပ်သမားများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများအပါအဝင် ဦးစားပေးအုပ်စုများနှင့်အတူ ပြီးခဲ့သည့် ၆ လက နောက်ဆုံးကာကွယ်ဆေးထိုးခဲ့သော သက်ကြီးပိုင်းများအား ဆေးရှိန် အားကောင်းစေသည့် ဆေးများ ထိုးပေးလျက်ရှိသည်။

Sinovac နှင့် Sinopharm မှထုတ်လုပ်သော အများစုအသုံးပြုသည့် ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးများကြောင့်ထွက်လာသော ပဋိပစ္စည်းများသည် လပိုင်းအတွင်း ကျဆင်းသွားသည့် အချက်အလက်များကိုလည်း တွေ့ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly