ကွမ်းခြံကုန်းမြို့နယ်တွင် စစ်ကောင်စီကား ပစ်ခတ်တိုက်ခိုက်ခံရ၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အများအပြားရှိဟုဆို

ကွမ်းခြံကုန်းမြို့နယ်တွင် စစ်ကောင်စီကား ပစ်ခတ်တိုက်ခိုက်ခံရ၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အများအပြားရှိဟုဆို

နိုဝင်ဘာ ၆

ရန်ကုန်တောင်ပိုင်းခရိုင် ၊ ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာအနီးရှိ ရန်ကြီးအောင်သင်္ချိုင်းရှေ့တွင် ကင်းလှည့်စစ်ကားတစ်စီးကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၆ ရက် တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာ ၅ ရက် ည ၁၀ နာရီဝန်းကျင်အချိန်တွင် ကွမ်းခြံကုန်းမြို့နှင့် သုံးမိုင်ခန့်အကွာ အင်္ဂလုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်သား ၂၅ဦးခန့်ပါသည့် ကင်းလှည့်စစ်ကားတစ်စီးကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေး အဖွဲ့က မိုင်းဆွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ပစ်ခတ်တဲ့အချိန်မှာ သူတို့ လုံးဝပြန်မပစ်နိုင်ဘူး ။ ပစ်ခတ်မှုက ၁၁ စက္ကန့်ပဲ ကြာပါတယ်။ မောင်းပြေးတာပါ။ ကားက အပွင့်ဆိုတော့ နောက်ခန်းက ရန်သူအားလုံးကို ထိထိမိမိပစ်ခတ်နိုင်ခဲ့ပါတယ်။ သူတို့က အဝေးရောက်မှ သုံးချက်လောက်ပြန်ပစ်နိုင်တယ်။ ထူးခြားတာကတော့ "ကယ်ကြပါ ကယ်ကြပါ" ဆိုပြီး အော်တယ်၊ အဲဒါက အားရစရာပါပဲ။ ပြီးခဲ့တဲ့ ကာလတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို ဘယ်သူတွေသေရဲလဲ မေးပြီး မိုက်ရိုင်းခဲ့တဲ့ အချိန်ကနေ အခုတော့ သူတို့ ကယ်ကြပါ ဆိုပြီး အော်ရတဲ့ ဘဝကို ရောက်လာကြပြီ " ဟု NUG၏ ရန်ကုန်တိုင်းစစ်​ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက မဇ္စျိမကို ပြောသည်။

တပ်တွင်းရှိ ပြည်သူ့ဘက်တော်သားတစ်ဦး၏ သတင်းပေးချက်အရ ဒဏ်ရာ ပြင်းထန်သူတချို့ မှာလည်း ဆက်လက်သေဆုံးနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

"မနေ့ညက စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရတယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့က မြို့ပေါ်ဆိုတော့ အသေးစိတ်ကိုတော့ မသိရဘူး" ဟု ကွမ်းခြံကုန်းမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် NUG၏ ရန်ကုန်တိုင်းစစ်​ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် “ပျံလွှားအောင်” စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအားလုံး ဘေးကင်းလုံခြုံမှု ရှိပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်သားများအနေဖြင့် အာဏာသိမ်း အကြမ်းဖက်မင်းအောင်လှိုင်နှင့် အဖွဲ့ကို အကာအကွယ်ပေးပြီး ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများ ဆက်လုပ်နေပါက ယခုထက်ကြီးမားသည့် စစ်ရေးတိုက်ခိုက်မှုများနှင့် ကြုံတွေနိုင်သည့်အတွက် အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် NUG ၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တာဝန်ခံက တိုက်တွန်းပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly