မန္တလေး မြင့်မြင့်ခင်မုန့်တိုက် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက် စီးနင်း

မန္တလေး မြင့်မြင့်ခင်မုန့်တိုက် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက် စီးနင်း

နိုဝင်ဘာ ၆

မန္တလေးမြို့ရှိ နာမည်ကြီး မြင့်မြင့်ခင်ထိုးမုန့်ပိုင်ရှင်၏ နေအိမ်ကို ယမန်နေ့ နို၀င်ဘာလ ၅ ရက် ည ၉ နာရီကျော် အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ပိုင်ရှင်အမျိုးသား ပါသွားတယ်။ သူ့အမျိုးသမီးကတော့ လွတ်သွားတယ် ကြားတယ် " ဟု မြင့်မြင့်ခင်ထိုးမုန့်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မန္တလေး၊ အောင်မြေသာစံ မြို့နယ် ၅၈ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားရှိ မြင့်မြင့်ခင်ထိုးမုန့်ပိုင်ရှင်၏ နေအိမ်ခြံဝင်းအား စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး နေအိမ်အတွင်းရှိနေသူများအား PDF များကို ထောက်ပံ့နေသည်ဟု စွပ်စွဲကာ ဖမ်းခေါ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

"ညက အဝိုင်းခံရတယ်ဆိုတာတော့ အမှန်ပဲဗျ။ ခြံဝမှာ စစ်ကားတွေရပ်ပြီး ဝင်ဖမ်းတာ၊ ဖမ်းခေါ်သွားတာတွေလည်း တွေ့လိုက်ရတယ်" ဟု မျက်မြင်တစ်ဦးကဆိုသည်။

ယနေ့ နံနက်တွင် ဖမ်းခေါ်ခံရသူများ ပြန်လည်လွတ်မြောက်လာကြောင်း သိရသော်လည်း မဇ္ဈိမက ထိုကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက်မရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required