နယူးဇီလန်တွင် ခိုလှုံခွင့်တောင်းရန် သင်္ဘောပေါ်မှ အေးခဲနေသည့် ရေထဲ ခုန်ချသော မြန်မာသင်္ဘောသား အသက်ရှင်

နယူးဇီလန်တွင် ခိုလှုံခွင့်တောင်းရန် သင်္ဘောပေါ်မှ အေးခဲနေသည့် ရေထဲ ခုန်ချသော မြန်မာသင်္ဘောသား အသက်ရှင်

နိုဝင်ဘာ ၆

နယူးဇီလန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရန် မျှော်လင့်ချက်ဖြင့် ကုန်တင်သင်္ဘောပေါ်မှ ခုန်ချခဲ့သော မြန်မာသင်္ဘောသား ကိုမင်းနိုင်သည် အေးခဲနေသော ရေထဲတွင် ၂၄ နာရီ နီးပါးကြာအောင် နေခဲ့ရသော်လည်း ကံကောင်းစွာ အသက်မသေဘဲ ကယ်ဆယ်နိုင်ခဲ့သည်ဟု Nzherald သတင်းဌာနတွင် ရေးသားထားသည်။

အသက် ၂၇ နှစ်အရွယ် ကိုမင်းနိုင်သည် Paovosa Wisdom VII သ‌‌ေင်္ဘာ‌ေပါ်မှ နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် Gisborne မြို့ အနီးရှိ ပင်လယ်ထဲသို့ ခုန်ချခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်ဆုတောင်းတယ်၊ ရေကူးတယ်၊ ဆုတောင်းတယ်၊ ရေကူးတယ်။ နောက်ဆုံးတော့ အရာအားလုံးကို စွန့်လွှတ်ခဲ့တယ်။ သေဖို့စောင့်နေတယ်" ဟု ကိုမင်းနိုင်က ကယ်ဆယ်မှုအပြီးတွင် ပြောသည်။

အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးနှိပ်စက်ခြင်းခံရနိုင်သည် ဆိုသည့်အတွေးက သင်္ဘောပေါ်မှ ခုန်ချရန် တွန်းပို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာသင်္ဘောသား ကိုမင်းနိုင် သင်္ဘောပေါ်က ခုန်ချသည့်အချိန်တွင် ရာသီဥတုသာယာပြီး သုံးနာရီနီးပါးကြာ ကူးခတ်ပါက ကမ်းခြေကို ရောက်နိုင်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း အားပြင်းသော ရေစီးကြောင်းက ကမ်းလွန်ပင်လယ်ပြင်ဘက်ကို ဆွဲခေါ်သွားခဲ့ကြောင်း ကိုမင်းနိုင်က ဆိုသည်။

ကိုမင်းနိုင်၏ ခန္ဓာကိုယ်တွင် ရေကူးဝတ်စုံဝတ်ထားသော်လည်း နာရီပေါင်းများစွာကြာအောင် ရေကူးခတ်မှုအပြီး အင်္ကျီထဲတွင် ရေများစိမ့်ဝင်နေခဲ့သည်။

၂၄ နာရီနီးပါးကြာ ပင်လယ်ထဲတွင် မျှောနေခဲ့သော ကိုမင်းနိုင်သည် Eastland ဆိပ်ကမ်းမှ ကယ်ဆယ်ရေး အဖွဲ့များအား နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ငါးနာရီမတိုင်မီတွင် တွေ့ရှိခဲ့ရာ အော်ဟစ်အကူအညီ တောင်းပြီးနောက် ကယ်ဆယ်ခံခဲ့ရကြောင်း ၎င်းက ပြောသည်။

မြန်မာသင်္ဘောသား ကိုမင်းနိုင်သည် စာချုပ်သက်တမ်းပြည့်၍ နှစ်လအတွင်း မြန်မာနိုင်ငံသို့ ပြန်လာရန် စီစဉ်ထားသော်လည်း အိမ်ပြန်ပါက အသက်အန္တရာယ်ရှိနိုင်သကဲ့သို့ မိသားစုဝင်များလည်း ပုန်းအောင်းနေရပြီး ၎င်းတို့မိသားစုအားလုံး စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်နေကြကြောင်း ဆိုသည်။

“လူတွေက တစ်နေ့ အထိန်းသိမ်းခံရပြီး နောက်နေ့ကျရင် သေမှာပဲ။ သူတို့က ငါတို့ကို အချိန်မရွေး လာဖမ်းနိုင်တယ်။ ဘယ်တော့မှ မသိဘူး။ လူတိုင်း ကြောက်နေကြတယ်။ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားအားလုံးအတွက် အန္တရာယ်ရှိတယ်" ဟု ကိုမင်းနိုင်က ပြောသည်။

ကိုမင်းနိုင်ကို ကယ်ဆယ်မှုအပြီး Gisborne ဆေးရုံသို့ ခေါ်ဆောင်သွားကာ Covid-19 ရောဂါ ရှိမရှိ စစ်ဆေးပြီးနောက် လက်ရှိတွင် သီးခြားခွဲထားလျက်ရှိပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်တပ်၏ ဖမ်းဆီး

ညှဥ်းပန်းနှိပ်စက်မှုခံရမည် စိုးရိမ်၍ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရန် အသက်အန္တရာယ်ရှိသော ကြိုးပမ်းမှုသည် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း NZ Myanmar စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်တင်မမဦးက မှတ်ချက်ပေးသည်။

နယူးဇီလန် လူဝင်မှု ကြီးကြပ်ရေးဌာနက လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံမှု တစ်စုံတစ်ရာ လက်ခံရရှိခြင်း ရှိ၊ မရှိ အတည်မပြုနိုင်သေးကြောင်း Nzherald သတင်းတွင် ရေးသားဖော်ပြထားသည်။

"ခိုလှုံခွင့်တောင်းခံခြင်းများသည် အလွန်အကဲဆတ်ပြီး လူတစ်ဦးစီသည် ၎င်းတို့၏နိုင်ငံအတွင်း နှိပ်စက်ညှဉ်း ပန်းခံရမည်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် ထိုနေရာသို့ ပြန်ရမည်ကို စိုးရိမ်သောကြောင့် မကြာခဏ ပြုလုပ်လေ့ရှိသည်" ဟု Nzherald နိုင်ငံ၏ နယ်စပ်နှင့် ဗီဇာ လည်ပတ်ဆောင်ရွက်မှုဆိုင်ရာ အထွေထွေမန်နေဂျာ ဂျာ့ခ်ဂီလာက ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံသည် နှစ်စဉ် ဒုက္ခသည် ဦးရေ ၁,၅၀၀ ခန့် လက်ခံသည်။

ဓာတ်ပုံ- မြန်မာသင်္ဘောသား ကိုမင်းနိုင်ကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက တွေ့ရှိပြီးနောက် ကယ်တင်ခေါ်ယူလာသော မြင်ကွင်း /Photo- Supplied

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly