မြန်မာနှင့်ဆိုင်သော သတင်းအချက်အလက်များကို ဖေ့ဘုတ်က ပေးအပ်မည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ မျှော်လင့် 

မြန်မာနှင့်ဆိုင်သော သတင်းအချက်အလက်များကို ဖေ့ဘုတ်က ပေးအပ်မည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ မျှော်လင့် 

နိုဝင်ဘာ ၆

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က ဖြစ်ပွားသော အပြင်းထန်ဆုံး နိုင်ငံတကာ ရာဇဝတ်မှုများကို စုဆောင်းလျက်ရှိရာတွင် ဖေ့ဘုတ်ကုမ္ပဏီက သတင်းအချက်အလက်များကို ပို၍ လက်လွှဲပေးအပ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများအဖွဲ့ အကြီးအကဲက သောကြာနေ့တွင် ပြောသည်။ 

မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် အမှုစွဲတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM က အမှုတည်ဆောက်လျက် ရှိခြင်း ဖြစ်သည်။ ယင်းအဖွဲ့အား ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၂၀၁၈ ခုနှစ်အတွင်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ကာ နောက်ပိုင်းတွင် လုပ်ငန်းများ စတင်သည်။ 

IIMM နှင့်အတူ ပူးတွဲလုပ်ကိုင်နေကြောင်း ဖေ့ဘုတ်က ယခင်က ပြောထားဖူးသည်။ ဖေ့ဘုတ် လူမှုမီဒီယာသည် အကြမ်းဖက်မှုများကို အားဖြည့်သော အမုန်းတရား ပြောဆိုမှုများကို ကျယ်ပြန့်စေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက ၂၀၁၈ တွင် ပြောထားသည်။ အမုန်းတရား ပြောဆိုမှုများကို ပိတ်ဆို့နိုင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေသည်ဟု ဖေ့ဘုတ်က ဆိုသည်။ 

“၂၀၁၉ မှာ အဖွဲ့အစည်းအဖြစ် ထွက်ပေါ်လာချင်းပဲ ဖေ့ဘုတ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်၊ ပုံမှန်ဆိုသလို ဖေ့ဘုတ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံလေ့ရှိတယ်”ဟု ဂျနီဗာအခြေစိုက် IIMM ၏ အကြီးအကဲ Nicholas Koumjian က နယူးယောက်တွင် သတင်းထောက်များအား သောကြာနေ့က ပြောသည်။ 

“အချို့ သတင်းအချက်အလက်တွေတော့ ကျွန်တော်တို့ ရရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ တောင်းခံထားသလောက်တော့ လုံးဝ မရသေးပါဘူး၊ သူတို့နဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လုပ်နေပြီး သတင်းအချက်အလက်တွေ ပိုပြီး ထုတ်ပေးမယ်လို့တော့ ကျွန်တော် အမှန်ပဲ မျှော်လင့်ပါတယ်၊ တစ်ချို့ ကျွန်တော်တို့ တောင်းဆိုတာတွေကို သူတို့က ခုနေခါမှ ပြန်ပြီးတော့ စဉ်းစားသုံးသပ်နေကြတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ လူပေါင်း ၇၃၀၀၀၀ ကျော်ထက်မနည်း ထွက်ပြေးရသည့် ၂၀၁၇ ခုနှစ်က စစ်တပ်၏ ရိုဟင်ဂျာများကို ဖြိုခွင်းမှုနှင့် ပတ်သက်ကာ မြန်မာနိုင်ငံသည် နိုင်ငံတကာ တရားရုံး ICJ ၌ လူမျိုးတုံး သတ်ဖြတ်မှုဖြင့် ရင်ဆိုင်နေရသည်။ 

မြန်မာနိုင်ငံဖက်မူ လူမျိုးတုံး သတ်ဖြတ်မှုဆိုသည်ကို ငြင်းဆန်ထားပြီး ရဲစခန်းများကို တိုက်ခိုက်သည့် အကြမ်းဖက်သမားများအား ဥပဒေဘောင်အတွင်းမှ နှိမ်နင်းခြင်းသာဖြစ်သည်ဟု ပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly