NLD ဗဟိုအလုပ်ကော်မတီကို ဖွဲ့စည်း

NLD ဗဟိုအလုပ်ကော်မတီကို ဖွဲ့စည်း

နိုဝင်ဘာ ၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်ကော်မတီ (Central Working Committee) အသစ်ကို အဖွဲ့ဝင် ခုနှစ်ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၅ရက် ရက်စွဲဖြင့် NLD က ထုတ်ပြန်လိုက်သည်။

ထိုကော်မတီတွင် ဗဟိုအလုပ်ကော်မတီတွင် လက်ရှိတာဝန်ထမ်းဆောင်နိုင်သည့် အခြေအနေရှိသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာခင်ဆောင် တို့နှင့် Steering Committee တွင်ပါသည့် ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့ဖြင့် ဖွဲ့စည်းလိုက်သည်။

Steering Committee ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၀ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

NLD သည် ဗဟိုအလုပ်ကော်မတီကို အောက်တိုဘာ ၃၀ရက်က ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုရေးရာ ကော်မတီများ၊ ပြည်နယ်နှင့် တိုင်းတာဝန်ခံများ အစည်းအဝေးကို တက်ရောက်ကြသူများ အားလုံး၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းလက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

လက်ရှိ ဖွဲ့စည်းထားသော ကော်မတီတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ဦးအောင်ကြည်ညွန့်၊ ဦးထွန်းမြင့်၊ ဦးမျိုးနိုင်တို့ ပါဝင်သည်ကို တွေ့ရပြီး အမျိုးသမီး ကော်မတီဝင် မပါရှိသည်ကို တွေ့ရသည်။

လက်ရှိတွင် NLD ပါတီ၏ ဥက္ကဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအားလုံး စုံညီအစည်းအဝေး ကျင်းပနိုင်သည့် အခြေအနေမရှိသေးမီ ကာလအတွင်း အဖွဲ့ချုပ်၏ အခြေခံမူဝါဒများ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပါတီလုပ်ငန်းစဉ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် နှင့် ပြည်တွင်း၊ ပြည်ပ ပါတီချင်း ဆက်ဆံရေးများ ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း NLD က ထုတ်ပြန်ထားသည်။

လက်ရှိတွင် NLD ပါတီ၏ ဥက္ကဌဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဌ သမ္မတဦးဝင်းမြင့်အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၄ဦးတို့မှာ အာဏာသိမ်းသည့်နေ့ကတည်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly