ဥရောပဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဗဟိုချက် နောက်တကြိမ် ပြန်ဖြစ်လာနေဟု WHO ပြော

ဥရောပဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဗဟိုချက် နောက်တကြိမ် ပြန်ဖြစ်လာနေဟု WHO ပြော
Photo - AFP

နိုဝင်ဘာ ၅

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အရှိန်မြင့်တက်လာနေတာနဲ့ပတ်သက်လို့ "အလွန်တရာ စိုးရိမ်ပူပန်ကြောင်း" ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာ ၄ ရက်မှာ ထုတ်ဖော်လိုက်ပါတယ်။

ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ဂျာမနီဟာ ယင်းရဲ့ နေ့အလိုက် ကူးစက်မှုနှုန်း အများဆုံး မြင့်တက်မှုကို ကြုံတွေ့ထားခဲ့ရပါတယ်။

"ကျွန်တော်တို့ဟာ ကပ်ရောဂါ ကူးစက်ပြန့်ပွားရာ ဗဟိုချက်မတစ်ခု နောက်တစ်ကြိမ် ထပ်ဖြစ်လာပြန်ပါပြီ" လို့ WHO ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်စ် ကလုဂ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

လက်ရှိ အလားအလာနဲ့ပတ်သက်လို့ "ယုံကြည်စိတ်ချရတဲ့ ခန့်မှန်းချက်" တစ်ရပ်အရ ဖေဖေါ်ဝါရီလလောက်ကျရင် ဥရောပမှာ COVID-19 ကြောင့် သေဆုံးသူ နောက်ထပ် သန်းဝက်ခန့် ရှိလာနိုင်တယ်လို့ ၎င်းက သတိပေးသွားခဲ့ပါတယ်။

အထူးသဖြင့် ဂျာမနီနိုင်ငံမှာ သတိပေးခေါင်းလောင်းသံတွေ ထွက်နေပြီး ဥရောပသမဂ္ဂရဲ့ လူဦးရေအသိပ်သည်းဆုံး နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူသစ်တွေ့ရှိမှုက ၃၄,၀၀၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး ဒါဟာ စံချိန်တင်မြင့်တက်မှုဖြစ်ခဲ့တယ်လို့ ရောဘတ် ကို့ချ် အင်စတီကျူ့ ကျန်းမာရေးအေဂျင်စီက ပြောပါတယ်။

ဂျာမနီနိုင်ငံရဲ့ လူဦးရေ ၈၃ သန်းဟာ "ကြီးမားတဲ့" ကပ်ရောဂါတစ်ခုနဲ့ ရင်ဆိုင်နေရပြီး ကာကွယ်ဆေးမထိုးရသေးသူတွေ ရှိနေသလို ဒေသတချို့မှာ ဆေးရုံတွေရဲ့ အထူးကြပ်မတ်ကုသဆောင် ခုတင်တွေဟာလည်း စတင် ပြတ်လပ်လာနေပြီလို့ ဂျာမနီ ကျန်းမာရေးဝန်ကြီး ယန်းစ် စပန်က နိုဝင်ဘာ ၃ ရက်မှာ ပြောထားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံကတော့ နိုဝင်ဘာ ၄ ရက်မှာ COVID-19 ရောဂါကု သောက်ဆေးတစ်မျိုးကို အတည်ပြုလိုက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး မပြင်းထန်တဲ့ ရောဂါလက္ခဏာနဲ့ အသင့်အတင့် လက္ခဏာတွေ ခံစားနေရတဲ့ လူနာတွေကို ကုသဖို့ အမေရိကန်ဆေးဝါးကုမ္ပဏီ Merck ထုတ် COVID-19 သောက်ဆေးကို နိုင်ငံမှာ အသုံးပြုဖို့ ခွင့်ပြုပေးထားခဲ့ပါတယ်။

Molnupiravir အမည်ရ အဆိုပါ COVID-19 သောက်ဆေးကတော့ ခုခံနိုင်မှု အားအနည်းဆုံးသူတွေ၊ ကိုယ်ခံအားစနစ် အားနည်းသူတွေအတွက် ကစားပွဲ ပြောင်းလဲစေမယ့် အလားအလာရှိ အဖြေတစ်ခု ဖြစ်မှာဖြစ်ကြောင်း ယူကေ ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်က ပြောခဲ့ပါတယ်။

နိုင်ငံ ၅၃ နိုင်ငံနဲ့ နယ်မြေတွေကို လွှမ်းခြုံပြီး ဗဟိုအာရှ နိုင်ငံတချို့လည်း ပါဝင်တဲ့ WHO ရဲ့ ဥရောပ ဒေသမှာတော့ ၂၀၁၉ နှစ်ကုန်ပိုင်း တရုတ်မှာ COVID-19 ကူးစက်မှု ပထမဆုံး ပေါ်ပေါက်ပြီးနောက်ပိုင်း ကူးစက်ခံရသူဦးရေ ၇၈ သန်းအထိ ရှိနေခဲ့ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly