မရမ်းကုန်းမြို့နယ်ရှိ KBZ ATM စက်နှင့် ပြည်လမ်းရှိ KBZ ဘဏ်ရုံးချုပ်အနီး ဗုံးပေါက်ကွဲမှုများဖြစ်ပွား

မရမ်းကုန်းမြို့နယ်ရှိ KBZ ATM စက်နှင့် ပြည်လမ်းရှိ KBZ ဘဏ်ရုံးချုပ်အနီး ဗုံးပေါက်ကွဲမှုများဖြစ်ပွား

နိုဝင်ဘာ ၅

ရန်ကုန်ရှိ ကမ္ဘောဇဘဏ်နှင့်ပတ်သက်သောနေရာနှစ်ခုတွင် ယနေ့နံနက်က လူအထိအခိုက်မရှိသော ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမသို့ပြောသည်။

မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာရှိ KBZ ဘဏ် ATM စက်အတွင်း နံနက် ၉ နာရီဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်လမ်းပေါ်ရှိ KBZ ရုံးချုပ်အနီးတွင်လည်း နံနက် ၈ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မရမ်းကုန်းမြို့နယ်နေသူတစ်ဦးက " လူထိတယ်လို့မကြားဘူး။ ATM စက်ကတော့ တော်တော်ပျက်စီးသွားတယ်။ စဖြစ်ပြီးသိပ်မကြာဘူး။ ဟိုကောင်တွေ (စစ်ကောင်စီတပ်) ရောက်လာတယ်။ အခုတော့ ရှင်းသွားပြီ" ဟု ပြောသည်။

ကမာရွတ်မြို့နယ်နေသူတစ်ဦးကတော့ " မာလာဆောင်မှတ်တိုင်နား။ KBZ ရုံးနားမှာပေါက်တာ။ မနက် ၈နာရီ​ကျော် ၉ နာရီလောက်မှာဖြစ်တာ။ အချိန်တော့ အတိအကျမသိလိုက်ဘူး။ အသံကတော့ တော်တော်ကျယ်တယ်။ လူထိတာတော့ မရှိဘူး" ဟု ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့အင်အားအများအပြား ရောက်ရှိလာကာ ပြည်လမ်းအား ခေတ္တပိတ်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တစ်နာရီကျော်အကြာတွင် လမ်းပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly