အာရှ၏ အကြီးဆုံး ကာကွယ်ရေးပစ္စည်းပြပွဲအား မတ်လ၌ အိန္ဒိယတွင် ကျင်းပမည်

အာရှ၏ အကြီးဆုံး ကာကွယ်ရေးပစ္စည်းပြပွဲအား မတ်လ၌ အိန္ဒိယတွင် ကျင်းပမည်

အာရှတိုက်တွင် အကြီးဆုံးဖြစ်မည့် ကာကွယ်ရေးပစ္စည်းပြပွဲအား အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဂန္ဓီနာဂါမြို့၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး ရာဂျာနက်ဆင်းက မိတ်ဆွေနိုင်ငံများမှ သံအမတ်ကြီးများနှင့် တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး DefExpo 2022 ဟု အမည်ပေးထားသည့် ပြပွဲသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

“တွေ့ဆုံပွဲကို သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် စစ်သံမှူးများအပါအဝင် ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ခဲ့ခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍအပေါ် စိတ်ဝင်စားတယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ တွေ့ဆုံပွဲကို အိန္ဒိယနိုင်ငံမှ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံကိုယ်စားလှယ်များအား DefExpo 2022 သို့ ဖိတ်ကြားရာတွင် ရာဂျာနက်ဆင်းက အိန္ဒိယအနေဖြင့် အပြန်အလှန်အကျိုးရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်မှုရှိသည့် စီးပွားရေးကို ဆောင်ရွက်ဖို့ လမ်းဖွင့်ပေးထားပြီး အားလုံးအကျိုးရှိရန် အပေးအယူ အပြန်အလှန် စိတ်ထားကြောင်း ပြောကြားခဲ့သည်။

“ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုဟာ ပြန်လည်အင်အားကောင်းလာတဲ့ အိန္ဒိယနိုင်ငံ တိုးတက်ရေးမှာ အဓိကကျတဲ့ အကြောင်းအရာတစ်ရပ် ဖြစ်နေပါတယ်။ ဒီလို ဦးဆောင်နိုင်တဲ့ နေရာကို ရောက်လာရပုံကို DefExpo 2022 မှာ ပြသပါမယ်။ ကျွန်တော်တို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့ DefExpo 2022 ဟာ အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ နိုင်ငံတကာ မိတ်ဖက်ဆောင်ရွက်မှုတွေအတွက် မျိုးစေ့တွေ ချပေးပြီး ချမ်းသာကြွယ်ဝခြင်း၊ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ပေးခြင်း၊ ထုတ်လုပ်မှု လုပ်ငန်းကို တိုးချဲ့ခြင်းနဲ့ အာကာသနဲ့ ကာကွယ်ရေးဂေဟစနစ်တို့ကို မျှဝေပေးပါလိမ့်မယ်။ အိန္ဒိယအနေနဲ့ ကျွန်တော်တို့ မိတ်ဆွေနိုင်ငံတွေ လိုအပ်နေတဲ့ ကာကွယ်ရေး ပစ္စည်းတွေကို ဖြည့်ဆည်းပေးဖို့ အသင့် ဖြစ်နေပါလိမ့်မယ်” ဟု ရာဂျာနက်ဆင်းက ပြောကြားသည်။

ယခုကျင်းပမည့် DefExpo 2022 သည် ယခင်ပွဲများထက် ပိုမိုကောင်းမွန်စေရန် ပြုလုပ်ထားပြီး ပြည်ပနှင့် အိန္ဒိယမှ လုပ်ငန်းရှင်များ၊ ပစ္စည်း မူလထုတ်လုပ်သူများနှင့် ပြည်ပနိုင်ငံများ ပါဝင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ကာကွယ်ကဏ္ဍ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ထုတ်လုပ်မှုများ၊ ခေတ်မီနည်းပညာများအသုံးပြုခြင်း၊ ပြီးခဲ့သည့် ၇ နှစ်အတွင်း အစိုးရက ချမှတ်ခဲ့သည့် လွတ်လပ်၍ ပူးပေါင်းမှုရှိသော မူဝါဒများတွင် အောင်မြင်မှုရရှိလာပုံများကို ပြပွဲတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း ဆင်းက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးပစ္စည်း ပြည်ပသို့ တင်ပို့မှုသည် လွန်ခဲ့သော ၅ နှစ်အတွင်း ၃၃၄ ရာခိုင်နှုန်း မြင့်တက်လာပြီး အဆိုပါပစ္စည်းများကို အိန္ဒိယက နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်သို့ တင်ပို့ရောင်းချလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly