အာဖဂန်နစ္စတန်နယ်စပ်တွင် တရုတ်စစ် စခန်းတည်ဆောက်သည့်သတင်းကို တာဂျစ်ကစ္စတန် ငြင်းဆို

By Latestly
05 November 2021
အာဖဂန်နစ္စတန်နယ်စပ်တွင် တရုတ်စစ် စခန်းတည်ဆောက်သည့်သတင်းကို တာဂျစ်ကစ္စတန် ငြင်းဆို

တရုတ်က ဗဟိုအာရှနိုင်ငံအတွက် အထူးစစ်အခြေစိုက်စခန်းတည်ဆောက်မည်ဟူသော အစီအစဉ်များနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းအားလုံးကို တာဂျစ်ကစ္စတန်က ပယ်ချလိုက်သည်။

တရုတ်သည် ဗဟိုအာရှတွင် စစ်အခြေစိုက်စခန်းများ မထားရှိဟု အစောပိုင်းက ထပ်တလဲလဲပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် တာဂျစ်ကစ္စတန်၏ အရှေ့ပိုင်း၌ မည်သည့်စစ်အခြေစိုက်စခန်းမျှ တည်ဆောက်ရန် အစီအစဉ်မရှိကြောင်း တာဂျစ်ကစ္စတန်ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Khaama Press က ဖော်ပြခဲ့သည်။

သို့သော် နှစ်နိုင်ငံစလုံးသည် အာဖဂန်နစ္စတန်နှင့် တာဂျစ်ကစ္စတန်နယ်စပ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်က ဝန်ခံခဲ့သည်ဟု အဆိုပါသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းကလည်း ဗဟိုအာရှ၌ မည်သည့်စစ်အခြေစိုက်စခန်းတည်ဆောက်ရန် မရှိဟု ငြင်းဆိုခဲ့သည်။

တရုတ်သည် တာဂျစ်ကစ္စတန်နှင့် အာဖဂန်နစ္စတန်နယ်စပ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ သန်းတန်ဖိုးရှိ စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ဆန္ဒရှိသည်ဟု တာဂျစ်ကစ္စတန်တာဝန်ရှိသူများသည် ယခင်က အတည်ပြုခဲ့ကြောင်း Khaama Press က ဖော်ပြခဲ့သည်။

တာဂျစ်အရံတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်မည့် ရဲကင်းစခန်းအား အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘာဒက်ရှန်ပြည်နယ် ဝါခန်ခေါ် ဗာခွန်နယ်မြေအနီးတွင် တည်ဆောက်ရန် စီစဉ်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက ၂၀၁၆ ခုနှစ်တွင် တာဂျစ်ကစ္စတန်နိုင်ငံ ကူလော့ဘ်၌ တည်ဆောက်ခဲ့သည့် စစ်အခြေစိုက်စခန်းသည် လည်ပတ်နေပြီဟု တရုတ်အစိုးရမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တာဂျစ်သမ္မတ အီမိုမာလီရာမွန်က တရုတ်သံရုံးသို့ စာရေးသားပေးပို့သည့် ကြေညာချက်တွင် "တရုတ်သည် ယခင်အခြေစိုက်စခန်းကို အပြည့်အဝထိန်းချုပ်နိုင်ရန် အာဖဂန်နစ္စတန်နယ်စပ်တွင် နယ်စပ်စခန်းများ ထပ်မံတည်ဆောက်သင့်သည်" ဟု Khaama Press ၌ ဖော်ပြထားသည်။

ယခုနှစ်သြဂုတ်လတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို တာလီဘန်အစိုးရက ဖြုတ်ချပြီးနောက်ပိုင်း ကွန်မြူနစ်အစိုးရသည် တာလီဘန်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

တရုတ်က ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားသောကြောင့် အာဖဂန်နစ္စတန်မှ အကြမ်းဖက်သမားအများအပြားဝင်လာမည်ကို တာဂျစ်ကစ္စတန်ကစိုးရိမ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly