NUG ကို အခွန်ထမ်းသည့် လုပ်ငန်းရှင်များနှင့်သာ ပြန်လည်ထူထောင်ရေးတွင် လက်တွဲမည်ဟု ဝန်ကြီးဆို

NUG ကို အခွန်ထမ်းသည့် လုပ်ငန်းရှင်များနှင့်သာ ပြန်လည်ထူထောင်ရေးတွင် လက်တွဲမည်ဟု ဝန်ကြီးဆို

နိုဝင်ဘာ ၄

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သို့ အခွန်ထမ်းဆောင်ထားသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့်သာ ပြန်လည် ထူထောင်ရေးကာလတွင် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

“တော်လှန်ရေးကာလ ပြီးလို့ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ အချိန်ကျရင် အခွန်ဆောင်ထားတဲ့ လုပ်ငန်းရှင်တွေနဲ့ ပြောဆိုသွားပါမယ်။ တိုင်းပြည် ပြန်လည်တည်ဆောက်သွားမယ့် ကိစ္စနဲ့ စပ်လျဉ်းပြီး အခွန်ဆောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နဲ့ လက်တွဲ လုပ်ဆောင်သွားမှာပါ။ အခွန်မထမ်းတဲ့ လုပ်ငန်းရှင်တွေကို တည်ဆဲဥပဒေနဲ့ အညီ အရေးယူမယ်" ဟု ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ နွေဦးထီ၊ အခွန်ကောက်ခံနေမှု၊ ငွေတိုက်စာချုပ် ရောင်းချသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ယနေ့ နိုဝင်ဘာလ ၄ ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့သော အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံခြားမှာရှိတဲ့ ဘဏ်အကောင့်ကို ပြည်တွင်းက လူတွေက အခက်ခဲ အမျိုးမျိုးနဲ့ ဆောင်တာ ဖြစ်ပါတယ်။ အဓိကကျတဲ့ လုပ်ငန်းရှင်တွေဘက်က ပေးဆောင်တာ ရာခိုင်နှုန်းက နည်းပါတယ်။ သာမန်ဝန်ထမ်း၊ စီးပွားရေးလုပ်ငန်း အစုလေးတွေက ဆောင်နေကြပါတယ်။ လက်ရှိမှာတော့ ဒေါ်လာ တစ်သိန်းခွဲလောက် စီးဝင်လာတာ ရှိပါတယ်။ ပိုပြီး တိုးတတ်မှုကို မြင်နေရပါတယ်" ဟု လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦးတော်လှန်ရေး ကာလအတွင်း ဘတ်ဂျက် လိုအပ်ချက်သည် ကာကွယ်ရေး အသုံးစရိတ် မပါဝင်ဘဲ ကန်ဒေါ်လာ သန်း ၈၀၀ လိုအပ်ခဲ့ပြီး အခွန် ရရှိရန်အတွက် နွေဦးထီရောင်းခြင်း၊ အခွန်ကောက်ခံခြင်း နှင့် ငွေတိုက်စာချုပ်များ ထုတ်ရောင်းခြင်းတို့ကို ပြင်ဆင် လုပ်ဆောင်ခဲ့သည်။

“နွေဦးထီကို မှန်းထားတာ ကျပ်ငွေ ဘီလီယံ ၁၄၀၀ (ကန် ဒေါ်လာ သန်း ၇၀၀၊ ၈၀၀) လောက် ရရှိဖို့ မှန်းထားပါတယ်။ အခွန်က တအိအိနဲ့ လာနေမှာ ဖြစ်ပါတယ်။ အခွန်က လုံးကနဲ ရဖို့ မျှော်လင့်လို့တော့ မရနိုင်သေးပါဘူး။ ငွေတိုက်စာချုပ်ကို ယုံယုံကြည်ကြည် နဲ့ ဝယ်ရင် လိုအပ်တဲ့ဘတ်ဂျက်ကို ဖြည့်ဆည်းနိုင်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အခွန်ထမ်းဆောင်လိုသည့် ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများ အတွက် ရည်ရွယ်၍ အွန်လိုင်းမှ တစ်ဆင့် အခွန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က စီစဉ်ထားသည် ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required