အိန္ဒိယနှင့် ဂျာမနီဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှု်ပနှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် ကတိပြု

အိန္ဒိယနှင့် ဂျာမနီဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှု်ပနှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် ကတိပြု

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်အား အီတလီနိုင်ငံ၊ ရောမမြို့တွင် ကျင်းပသည့် G20 ထိပ်သီးဆွေးနွေးပွဲ၏ သီးခြားအစည်းအဝေးတွင် တွေ့ဆုံခဲ့ရာတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ဆောင်ရန် ကတိပြုခဲ့ကြသည်။

ပြည်ပရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ် မိုဒီက ဝန်ကြီးချုပ် အန်ဂျလာအား အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းတို့ ၂ ဦးအကြား ကာလကြာရှည်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပုဂ္ဂိုလ်ရေး ခင်မင်မှုများအား ပြန်လည် ပြောကြားရာတွင် ဂျာမနီ၊ ဥရောပနှင့် ကမ္ဘာ့အဆင့် ကိစ္စရပ်များတွင် အန်ဂျလာမာကယ်၏ ဦးဆောင်မှုအပေါ် ဝန်ကြီးချုပ်မိုဒီက ချီးမွမ်းပြောကြားခဲ့သည်။

ဒေါက်တာမာကယ်၏ နေရာတွင် ဆက်ခံမည့် ဝန်ကြီးချုပ်သစ်နှင့်လည်း မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းမှုကို နီးကပ်စွာ လုပ်ဆောင်သွားမည်ဟုလည်း မိုဒီက ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနှင့် ဂျာမနီတို့အကြား အပြန်အလှန်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ကျေနပ်ကြောင်း ခေါင်းဆောင် ၂ ဦးက ပြောကြားခဲ့သလို ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်သွားရန်လည်း ကတိပြုခဲ့ကြသည်။

အစိမ်းရောင်ဟိုက်ဒရိုဂျင်အပါအဝင် နယ်ပယ်သစ်များ၌ အိန္ဒိယ-ဂျာမနီမဟာဗျူဟာ မိတ်ဖက်အစီအစဉ်ကိုလည်း တိုးချဲ့ရန် သဘောတူခဲ့ကြသည်။

ဝန်ကြီးချုပ် မိုဒီသည် အောက်တိုဘာ ၃၁ ရက်တွင် G20 ထိပ်သီးဆွေးနွေးပွဲ၏ ဒုတိယနေ့၌ အခြားနိုင်ငံ ခေါင်းဆောင်များနှင့်အတူ ထရီဗီရေပန်းသို့ သွားရောက် လည်ပတ်ခဲ့သည်။ မိုဒီသည် အောက်တိုဘာ ၃၀ ရက်တွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ပြင်သစ်သမ္မတအီမန်နျူရယ်မာကွန်တို့အား သီးခြားအစည်းအဝေးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဗာတီကန်နန်းတော်၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ၁နာရီခန့် တွေ့ဆုံရာတွင် အိန္ဒိယသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required