ဗင်နီဇွဲလား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ICC စုံစမ်း 

ဗင်နီဇွဲလား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ICC စုံစမ်း 
Photo - AFP

နိုဝင်ဘာ ၄

ဗင်နီဇွဲလားနိုင်ငံမှာ ၂၀၁၇ ခုနှစ်က အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်မမြောက် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC က စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း သမ္မတ နီကိုလက်စ် မာဒူရိုနဲ့ ICC ရှေ့နေ ကာရင် ခန်းက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ 

အတိုက်အခံ ခေါင်းဆောင်အချို့ကို ဖမ်းဆီးတာနဲ့ တရားရုံးချုပ်ကနေပြီး အတိုက်အခံတွေ ကြီးစိုးတဲ့ အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက် ချခဲ့တာကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပွားပေါ်ပေါက်ပြီး လုံခြုံရေးတပ်တွေရဲ့ ဖြိုခွင်းမှုအတွင်း လူပေါင်း ၁၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ 

ကနဦး သုံးသပ်ပြီးတဲ့နောက် အမှန်တရားကို ရှာဖွေဖို့ နောက်ထပ် ခြေလှမ်းရမယ်လို့ ကာရင် ခန်းက ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း မာဒူရိုက ပြောပါတယ်။ “နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ အလိုတူ အလိုပါ မဟုတ်ရင်တောင် သူ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားရပါမယ်”လို့ သူက ဆိုပါတယ်။ 

“ကျွန်တော်တို့ စုံစမ်းရေး ခြေလှမ်းသစ် စတဲ့အခါမှာ လူတိုင်းက ကျွန်တော်တို့ကို လုပ်ခွင့်သာအောင် ကူညီပေးဖို့ ကျွန်တော် အားလုံးကို တိုက်တွန်းတယ်”လို့ ကာရင် ခန်းက ပြောပါတယ်။ 

အခု လုပ်ဆောင်ချက်ကို အတိုက်အခံ ခေါင်းဆောင် ဟွန် ဂွိုင်ဒိုက ထောက်ခံချီးကျူးပါတယ်။ ဟွန် ဂွိုင်ဒိုဟာ ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် ၂၀၁၉ မှာ ကိုယ်ကိုကို ကြေညာထားသူဖြစ်ပြီး သူ့ကို နိုင်ငံပေါင်း ၆၀ လောက်က ထောက်ခံထားတာ ဖြစ်ပါတယ်။ 

၂၀၁၈ မှာ ICC ရဲ့ ကနဦး စုံစမ်းမှု ဆောင်ရွက်ချိန်က ကာရင် ခန်းရဲ့ အရင်ပုဂ္ဂိုလ် ဖက်တော့ ဘန်ဆောဒါက အစိုးရဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ မကင်းဘူးလို့ “အခြေခံ ကောက်ချက်ဆွဲနိုင်တာ ရှိနေကြောင်း” ပြောခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ လက်ဦး စုံစမ်းစစ်ဆေးမှုက သတင်းအချက်အလက်နဲ့ မှတ်တမ်းမှတ်ရာတွေကို ပေးပို့ခြင်း မရှိဘူးလို့ မာဒူရိုက မကျေမနပ် ပြောဆိုပါတယ်။ 

“အဲဒီ စုံစမ်းခဲ့တဲ့ အခြေအနေမှာတော့ ကျွန်တော်တို့ဟာ ဘာမှ သိရတာ မရှိပါ”လို့ မာဒူရိုက် ပြောခဲ့ပါတယ်။ 

တနင်္ဂနွေနေ့က စတင်တဲ့ ကာရင် ခန်းရဲ့ သုံးရက်တာ ခရီးစဉ်မှာ သေဆုံးသူတွေရဲ့ မိသားစု အုပ်စုငယ်တွေက လမ်းပေါ် ဆန္ဒပြကြပြီး ကာရင် ခန်းနဲ့ လူကိုယ်တိုင် တွေ့ဆုံခွင့်ရဖို့ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required