တရုတ်အစိုးရက စည်းမျဉ်းမူကြမ်း ထုတ်ပြန်ပြီးနောက် အွန်လိုင်း ဆေးဈေးကွက် ကျဆင်း

By Bloomberg
04 November 2021
တရုတ်အစိုးရက စည်းမျဉ်းမူကြမ်း ထုတ်ပြန်ပြီးနောက် အွန်လိုင်း ဆေးဈေးကွက် ကျဆင်း

တရုတ်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်အတွင်း စည်းမျဉ်းမူကြမ်း ထုတ်ပြန်ပြီးနောက်ပိုင်း အွန်လိုင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၏ တိုးတက်မှု အလားအလာကို ကန့်သတ်မှုများ ပြုလုပ်လာမည်ကို ပိုမို စိုးရိမ်လာခြင်းကြောင့် အဆိုပါလုပ်ငန်းတွင် အစုရှယ်ယာဈေးများ ကျဆင်းသွားခဲ့သည်။

စည်းမျဉ်းမူကြမ်းများကို အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်ပြီးနောက်ပိုင်း Ping An ကျန်းမာရေး စောင့်ရှောက်မှုနှင့် နည်းပညာကုမ္ပဏီ၏ အစုရှယ်ယာဈေး ၃၀ ရာခိုင်နှုန်းနှင့် Alibaba ကျန်းမာရေးသတင်းအချက် အလက် နည်းပညာကုမ္ပဏီ၏ အစုရှယ်ယာဈေးသည် ၁၈ ရာခိုင်နှုန်း နီးပါး ကျဆင်းသွားသည်။

ယခုကာလအတွင်း ဟောင်ကောင်၏ Hang Seng Tech အညွှန်းကိန်း၌ ကျဆင်းသွားသည့် ရှယ်ယာများတွင် အဆိုပါ ကုမ္ပဏီ ၂ ခု၏ အစုရှယ်ယာများသည် အဆုံးဆုံး ဖြစ်ခဲ့ပြီး ၎င်းတို့၏ ပြိုင်ဖက်ဖြစ်သော JD ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာ ကုမ္ပဏီ၏ ရှယ်ယာသည်လည်း ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

နိုင်ငံတော် ကျန်းမာရေးကော်မရှင်က ပြည်သူတို့၏ သဘောထားမှတ်ချက်ကို တောင်းခံရန် ထုတ်ပြန်လိုက်သည့် စည်းမျဉ်းမူကြမ်းတွင် ကနဦး ရောဂါစစ်ဆေးမှုများအတွက် အွန်လိုင်းမှ ဆွေးနွေးတိုင်ပင်မှုအား ပိတ်ပင်ခြင်းအပါအဝင် အကြောင်းအရာအများအပြားကို ရှင်းလင်း ဖော်ပြထားသည်။

ဆေးကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို မှတ်ပုံတင်ရှိသည့် ဆရာဝန်ကသာ ဆောင်ရွက်ရန်နှင့် ဉာဏ်ရည်တု နည်းပညာဆော့ဖ်ဝဲများကို အစားထိုး အသုံးမပြုရန်လည်း ဖော်ပြထားသည်။ ကြီးကြပ်ကွပ်ကဲမှု တိုးတက်စေရန် ကျန်းမာရေးစောင့်ရှောက်ပေးသည့်အဖွဲ့အစည်းများစာရင်းကိုလည်း ဒေသဆိုင်ရာ အစိုးရက ထုတ်ပြန်ပေးရမည်ဟုလည်း မူကြမ်းတွင် ဖော်ပြထားသည်။

“ကုမ္ပဏီများအနေနဲ့ စည်းမျဉ်းနဲ့ အညီ ဆောင်ရွက်သွားရပါမယ်။ သတ်မှတ်ချက်တွေက ဒီကဏ္ဍရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို လျှော့ချသွားနိုင်ပါတယ်” ဟု UOB Kay Hian Investment ကုမ္ပဏီမှ လေ့လာသုံးသပ်သူ ပညာရှင် ကာရိုးလ်ဒူးက ပြောကြားသည်။

Alibaba Health ၏ ထုတ်ပြန်ချက်တွင် ဧပြီ-စက်တင်ဘာ ကာလအတွင်း အသားတင် ဆုံးရှုံးမှုသည် ယွမ် သန်း၃၂၀ (ဒေါ်လာ သန်း ၅၀) သို့မဟုတ် ယမန်နှစ် အလားတူကာလထက် ၁၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကျဆင်းခဲ့သည့် စတော့ဈေးသည် အွန်လိုင်းမှ ဆေးအညွှန်းပေး ရောင်းချမှုအား ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်ခြင်းနှင့် အသုံးပြုသူတို့၏ အချက်အလက်များကို ကုမ္ပဏီများ သိမ်းဆည်းခြင်းနှင့် ပတ်သက်၍ တင်းကျပ်သည့် စည်းမျဉ်းများကြောင့် အွန်လိုင်းမှ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စတော့များသည် ယခင်လများကကဲ့သို့ ပင် ဆက်လက်ကျဆင်းသွားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly