အမေရိကန်နိုင်ငံသား သတင်းထောက်အတွက် အာမခံလျှောက်ထားမှု တရားရုံးကပယ်ချ၊ လ.ဝ.က ဥပဒေဖြင့် ထပ်တိုးတရားစွဲ

အမေရိကန်နိုင်ငံသား သတင်းထောက်အတွက် အာမခံလျှောက်ထားမှု တရားရုံးကပယ်ချ၊ လ.ဝ.က ဥပဒေဖြင့် ထပ်တိုးတရားစွဲ

နိုဝင်ဘာ ၄

အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရသည့် အမေရိကန်ဂျာနယ်လစ် ဒန်နီ ဖန်စတာ၏ အာမခံလျှောက်ထားမှုကို ယမန်နေ့က တရားရုံးက ပယ်ချလိုက်ပြီး ၎င်းကို တတိယမြောက် စွဲချက်တစ်ခုနှင့်ပါ ထပ်တိုးစွဲဆိုလိုက်ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက နိုဝင်ဘာ ၄ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။

Frontier Myanmar သတင်းဌာန၏ အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီ ဖန်စတာသည် ပြီးခဲ့သည့် မေလက နိုင်ငံကနေ ထွက်ခွာရန် လုပ်ဆောင်ခဲ့ချိန် လေဆိပ်၌ ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

၎င်းသည် လက်ရှိအချိန်တွင် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မတို့ဖြင့် စွဲဆိုခံထားရပြီး စွဲချက်နှစ်ခုလုံးအတွက် အပြစ်ရှိကြောင်း စီရင်ချက်ချခံရပါက ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်ခံရနိုင်သည်။

နိုဝင်ဘာ ၃ ရက်က ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်း ကြားနာစစ်ဆေးမှုတစ်ခုတွင် "ဒန်နီ ဖန်စတာကို လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု ဆိုသည့် နောက်ထပ် ပြစ်မှုတစ်ခုနှင့် ထပ်တိုး စွဲဆိုခဲ့ကြောင်း" ၎င်း၏ ရှေ့နေ ဦးသန်းဇော်အောင်က အေအက်ဖ်ပီကို ပြောသည်။

ထိုစွဲချက်သည် အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ပြီး တရားရုံး စစ်ဆေးမှုကို သောကြာနေ့တွင် စတင်ဖွယ် ရှိကြောင်း ၎င်းက ပြောသည်။

"ဘာလို့ ဒီ လူဝင်မှုဥပဒေ စွဲချက် ထပ်တိုးစွဲဆိုတာလဲ ဆိုတာအတွက် အကြောင်းရင်းအတိအကျကို ကျွန်တော်တို့ မသိပါဘူး" ဟု ၎င်းက ပြောခဲ့သလို ဖန်စတာ၏ ဗီဇာသည် ၎င်းထိန်းသိမ်းခံရချိန်တွင် သက်တမ်းမကုန်သေးဘဲ တရားဝင်ဖြစ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ကုလဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဖြစ်သလို ဓားစာခံထိန်းသိမ်းခံရသူများအရေး ညှိနှိုင်းဆွေးနွေးသူ ဘီလ် ရစ်ချတ်ဆန် မြန်မာနိုင်ငံကို လာရောက်ပြီး နေပြည်တော်၌ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံပြီး နောက်တစ်ရက်တွင် ဖန်စတာသည် စွဲချက်သစ်တစ်ခုဖြင့် စွဲဆိုခံလိုက်ရခြင်း ဖြစ်သည်။

ရစ်ချတ်ဆန်သည် "ပုဂ္ဂလိက လူသားချင်းစာနာမှု မစ်ရှင်" တစ်ခုအတွက် မြန်မာနိုင်ငံကို လာရောက်ခြင်းဖြစ်ကြောင်း ၎င်း၏ အဖွဲ့အစည်းက ထုတ်ပြန်ပြီး ယခုခရီးစဉ်တွင် ၎င်းအနေဖြင့် ဖန်စတာ လွတ်မြောက်ရေး ကြိုးပမ်းသွားမလား ဆိုသည်ကို ယင်းထုတ်ပြန်ချက်တွင် မဖော်ပြထားပေ။

နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းသည် မြောက်ကိုရီးယား၊ ကျူးဘား၊ အီရတ်နှင့် ဆူဒန်တို့တွင် အမေရိကန် စစ်သည်များနှင့် ဓားစာခံထိန်းသိမ်းခံရသူများ ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း ၎င်း၏ စင်တာ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

အသက် ၃၇ နှစ်ရှိ အမေရိကန်သတင်းသမား ဖန်စတာသည် ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာရေးကောင်းပုံ ရှိသော်လည်း စွဲချက်ထပ်တိုးခံရမှုကြောင့် စိတ်ပျက်နေကြောင်း ဦးသန်းဇော်အောင်က ပြောသည်။

၎င်းသည် ထိန်းသိမ်းခံရစဉ်အတွင်း Covid-19 ကူးစက်ခံခဲ့ရသေးသည်ဟု ယုံကြည်ရကြောင်း မိသားစုဝင်များက သြဂုတ်လက အမေရိကန်ဂျာနယ်လစ်များနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly