စစ်တပ်က နည်းပညာတက္ကသိုလ်ကျောင်းသားကို ၎င်း၏နေအိမ်တွင် ဝင်ဖမ်း

စစ်တပ်က နည်းပညာတက္ကသိုလ်ကျောင်းသားကို ၎င်း၏နေအိမ်တွင် ဝင်ဖမ်း

နိုဝင်ဘာ ၄

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ယမန်နေ့ နိုဝင်ဘာ ၃ရက်တွင် နည်းပညာတက္ကသိုလ်ကျောင်းသား ကိုဇေယျာလင်းကို ၎င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းသည် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) EcE မေဂျာ(Major)၊ တတိယနှစ်တွင် ပညာသင်ယူနေသူဖြစ်သည်။

ယမန်နေ့ ည ၁၁နာရီခန့်တွင် လက်‌နောက်ပြန် လက်ထိတ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ နိုဝင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။

ကိုဇေယျာလင်းအား ဖမ်းဆီးသွားပြီး ခဏအကြာတွင် ၎င်း၏နေအိမ်သို့ စစ်ကောင်စီတပ်သားများက ဒုတိယအကြိမ်ပြန်လာကာ ကိုဇေယျာလင်း၏ လက်ကိုင်ဖုန်းအား ထပ်မံ ရှာဖွေယူဆောင်သွားကြောင်း သိရသည်။

လာရောက်ဖမ်းဆီးရာတွင် ဖမ်းဆီးခေါ်ဆောင်သွားမည့်နေရာကို ပြောမရကြောင်း၊ အကြောင်းရှိ၍ လာဖမ်းခြင်းဖြစ်ကြောင်း၊ ထပ်မံ ဖမ်းဆီးမည့်သူများလည်း ရှိသေးကြောင်း စစ်ကောင်စီလက်အောက်ခံ တပ်သား တစ်ဦးက ပြောသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၇,၀၃၃ ဦးရှိပြီး ၎င်းတို့အနက် အယောက် ၃၀၀ မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required