ကာကွယ်ဆေး ရောက်ရှိရေးအတွက် စစ်တပ်ကို ဖိလစ်ပိုင်သမ္မတ အမိန့်ပေး 

ကာကွယ်ဆေး ရောက်ရှိရေးအတွက် စစ်တပ်ကို ဖိလစ်ပိုင်သမ္မတ အမိန့်ပေး 
Photo - AFP

နိုဝင်ဘာ ၄

COVID-19 ကာကွယ်ဆေး ဖြန့်ဖြူးရာမှာ ‘ကြန့်ကြာတန့်ရပ်မှု’ ကို ရှောင်ကွင်းဖို့ စစ်တပ်နဲ့ ရဲတွေအနေနဲ့ ပြည်နယ်တွေအနှံ့ လေကြောင်းကနေ ကာကွယ်ဆေး ပို့ဆောင်ရေးကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမိန့်ထုတ်လိုက်ပါတယ်။ 

ကာကွယ်ဆေး မရောက်နိုင်ဘဲ ကြန့်ကြာမှုတွေ ရှိနေတာအတွက် သမ္မတ ဒူတာတေးဟာ ဒေသန္တရ အစိုးရတွေကို အပြစ်လည်း ပြောဆိုပါတယ်။ 

ဖိလစ်ပိုင်ရဲ့ မြို့တော်ဒေသမှာ အရွယ်ရောက်ပြီးသူ ၉၀ ရာခိုင်နှုန်း နီးပါး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးပေမယ့် တစ်နိုင်ငံလုံး အတိုင်းအာအနေနဲ့ကတော့ အရွယ်ရောက်ပြီးသူရဲ့ ၃၅ ရာခိုင်နှုန်းပဲ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံရသေးတာ ဖြစ်ပါတယ်။ 

အသက် ၁၂ ကနေ ၁၇ ကြား ကလေးငယ် ၁၂ ဒသမ ၇ သန်းကိုလည်း နိုဝင်ဘာ ၃ ရက်စလို့ ကာကွယ်ဆေး စတင်ထိုးနှံပေးတာကြောင့် ကလေးငယ်တွေပါ ကာကွယ်ဆေး ထိုးနှံနေပြီ ဖြစ်ပါတယ်။ 

“ပြည်နယ်အစိုးရတွေဟာ နောက်ထပ် ကြန့်ကြာစေတာဖြစ်လို့ သူတို့ဆီကနေ ကာကွယ်ဆေးကို ဖြန့်ဖြူးဖို့ မရှိတော့ဘူး”လို့ အင်္ဂါနေ့က ကပ်ဘေးဆိုင်ရာ အကြံပေးတွေနဲ့ အစည်းအဝေးတစ်ရပ်မှာ ဒူတာတေးက ပြောကြောင်း ရုပ်သံကနေ ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ 

သမ္မတ ဒူတာတေးဟာ ကပ်ဘေးကို ရင်ဆိုင်တိုက်ဖျက်ရေးမှာ လက်နက်ကိုင်တပ်တွေကို အတော်လေး မှီခိုအားထားတာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်တွေ အားကိုးနဲ့ ကမ္ဘာမှာ အပြင်းထန်ဆုံး လော့ဒေါင်းကို ချခဲ့သလို နိုင်ငံနဲ့ ပြည်ပဆီ ဆေးဝါး ထောက်ပံ့မှုတွေကိုလည်း ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ 

“လေယာဉ်တွေနဲ့ ပို့လာတဲ့ ကာကွယ်ဆေးတွေကို ရဟတ်ယာဉ်တွေနဲ့ တင်ဆောင်ပြီး မြို့နယ်အထိ အရောက်ပို့မှာ ဖြစ်ပါတယ်”လို့ ဒူတာတေးက ဆိုပါတယ်။ 

“လက်နက်ကိုင်တပ်တွေအနေနဲ့ သမ္မတ ညွှန်ကြားတာ စွမ်းဆောင်နိုင်မှာပါ”လို့ စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးကြီး ရာမွန်ဇာဂါလာက အေအက်ဖ်ပီကို ပြောပါတယ်။ 

ဒေသအစိုးရတွေအနေနဲ့ တစ်နေ့ကို ကာကွယ်ဆေး ထိုးပေးနိုင်တဲ့သူ ဦးရေ တိုးမြင့်အောင်အပြင် ဆေးကို ပိုပြီး အအေးပေး သိုလှောင်နိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်နေသေးဆဲဖြစ်တယ်လို့ အစည်းအဝေးမှာ ပါဝင်တဲ့ COVID-19 လုပ်ငန်းစဉ်အဖွဲ့ အကြီးအကဲ ကာလီတို ဂယ်ဗက်ဇ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly