ရေနံတင်သင်္ဘောအား အမေရိကန် ဖမ်းဆီးတာကို ဟန့်တားခဲ့ဟု အီရန် ပြော 

ရေနံတင်သင်္ဘောအား အမေရိကန် ဖမ်းဆီးတာကို ဟန့်တားခဲ့ဟု အီရန် ပြော 
Photo - AFP

နိုဝင်ဘာ ၄

အိုမန်ပင်လယ်အတွင်း ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်ရေတပ်က ဖမ်းဆီးဖို့ ကြိုးပမ်းတာကို ဟန့်တားကာကွယ်ခဲ့ရကြောင်း အီရန်ရဲ့ အထူးတပ်ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ် IRGC က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ 

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နေ့စွဲ အတိအကျ မဖော်ပြဘဲ အီရန် နိုင်ငံပိုင်ရုပ်သံက ကနဦး သတင်းထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ 

နောက်ပိုင်း IRCG က ဒီ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တာလို့ နိုင်ငံပိုင်သတင်းရဲ့ Sepahnews ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။ 

အမေရိကန်တပ်ဟာ ရေနံတင်ဆောင်လာတဲ့ သင်္ဘောကို ဖမ်းဆီးထားပြီး ရေနံတွေကို အခြား သင်္ဘောဆီ သယ်ယူခဲ့တယ်လို့ IRCG က ဆိုပါတယ်။ 

ဒုတိယ ရေနံတင်သင်္ဘောကို နောက်ထပ် ဖမ်းဆီးတာ လုပ်လာချိန်မှာတော့ လေကြောင်းအကူအညီ ပါတဲ့ IRCG ရေတပ်ဟာ အမေရိကန်ရေတပ်ရဲ့ လုပ်ရပ်ကို နှောင့်ယှက်ဟန့်တားခဲ့ရတာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

“အမေရိကန်တွေ အဲဒီ နေရာကနေ ထွက်ခွာသွားကြပြီး” ဖမ်းဆီးခံရဖို့ လက်မတင်လေး လွတ်မြောက်ခဲ့တဲ့ ရေနံတင်သင်္ဘောဟာ အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီမှာ ဘန်ဒါ အာဘတ်စ်ဆိပ်ကမ်းဆီ ဆိုက်ကပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဖြစ်ရပ်ထဲက ရေနံတင်သင်္ဘောတွေဟာ ဘယ်နိုင်ငံမှတ်ပုံတင် သင်္ဘောတွေဖြစ်တယ်ဆိုတာကိုတော့ IRGC က အတိအကျ ဖော်ပြခြင်း မရှိပါ။ 

အခု ကြေညာချက်ဟာ အီရန်ရဲ့ ရေနံတင်ပို့မှုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းဖြစ်လာနိုင်တဲ့ အီရန်နျူကလီးယား သဘောတူညီချက် ပြန်လည်အသက်ဝင်ရေး ဆွေးနွေးပွဲတွေ သောင်မတင်ရေမကျ ဖြစ်နေချိန်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ 

၂၀၁၅ နျူကလီးယား သဘောတူညီချက်အရ အမေရိကန်ဟာ အီရန်ရဲ့ ရေနံတင်ပို့မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာကို ရုပ်သိမ်းပြီး အပြန်အလှန်အနေနဲ့ အီရန်က နျူကလီးယား လုပ်ဆောင်ချက်တွေကို ကန့်သတ်ရတာ ဖြစ်ပါတယ်။ 

သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်မှာ အင်အားကြီးနိုင်ငံတွေနဲ့ အီရန်ကြားချုပ်ဆိုတဲ့ ဒီ သဘောတူညီချက်ကနေ အမေရိကန်က နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required