စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဟာမြင်းကြီး သတ္တုတွင်း အနီး မိုင်းဆွဲ တိုက်ခိုက်ခံရ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
04 November 2021
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဟာမြင်းကြီး သတ္တုတွင်း အနီး မိုင်းဆွဲ တိုက်ခိုက်ခံရ

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်။

ထားဝယ်မြို့နယ်၊အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက် ခိုက်ခံခဲ့ရ၍ စစ်သား ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။

သစ်ကတိုးကျေးရွာမှ မြေး ခန္တီကျေးရွာကို သွားသည့်လမ်းတွင် ဟာမြင်းကြီး သတ္ထုတွင်းရှိရာ မြေးခန္တီကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အသက် ၃၀ နှစ်ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။

“မိုင်းက သုံးလုံး ဆက်တိုက်ပေါက်ကွဲတာ။ တွေ့လာတဲ့ သူ တစ်ယောက်ကတော့ ငါးယောက်လောက်သေနေပြီး နှစ်ယောက်ကလည်း ဒဏ်ရာအတော်ပြင်းတယ်လို့ ပြောတယ်” ဟု ပြောသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် သစ်ကတိုးကျေးရွာက ဒေသခံရွာသား အမျိုးသား ၃ ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များ က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရွာသားအချို့က ပြောသည်။

သစ်ကတိုးကျေးရွာနှင့် မြေးခန္တီကျေးရွာအနီးတဝိုက် နေထိုင်ကြသည့် ဒေသခံရွာသားအချို့က စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်စိတ်ပူကာ တိမ်းရှောင်နေကြရသည်။

ရေဖြူမြို့နယ်၊ သစ်ကတိုးရွာတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက်အစောပိုင်း အချိန်ကစပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား တစ်ရာဝန်းကျင်ခန့် လာရောက်တပ်စွဲလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုင်းခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို မသိရှိ ရသေးပေ။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သစ်ကတိုးကျေးရွာတွင် ရောက်ရှိနေပြီး အင်အားဖြည့်တင်းမှုများ လည်း ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly