မွန်ပြည်နယ်တွင် ကျောင်းသူ/သား ၁၀ % ခန့်သာ ကျောင်းပြန်စတက်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
04 November 2021
မွန်ပြည်နယ်တွင် ကျောင်းသူ/သား ၁၀ % ခန့်သာ ကျောင်းပြန်စတက်
ဓါတ်ပုံ - CJ (ပုံဟောင်း)

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်။

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း ကျောင်းလာတက်သည့် ကျောင်းသူ/ကျောင်းသား နည်းပါးနေ သည်ဟု ဆရာ/ဆရာမနှင့် မြို့နယ်ပညာရေးတာဝန်ရှိသူများက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အခြေခံပညာကျောင်းများကို ပိတ်ထားခဲ့ရာမှ အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ ကြောင့် ကလေးများ လုံခြုံရေးအတွက် စိုးရိမ်သဖြင့် ကျောင်းသားမိဘအများစုက ကလေးများကို ကျောင်းမပို့ကြ ဟု သိရသည်။

"ကျောင်းတက်တဲ့ ကျောင်းသားအရေအတွက်က အလွန်ကို နည်းနေတယ်။ ကျောင်းဖွင့်စအချိန်လည်း ဖြစ်သ လို တချို့ကလည်း စိုးရိမ်ကြလို့ ခလေးကို ကျောင်းပေးမတက်သေးတာလည်း ရှိတယ်။ နောက်ပိုင်း တဖြည်း ဖြည်း များလာမယ် ထင်တယ်" ဟု မြို့နယ်ပညာရေးရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် ဇူလိုင်လဆန်းမှစတင်၍ တစ်နိုင်ငံလုံးရှိ အခြေခံပညာသင် ကျောင်း များကို ပိတ်ထားခဲ့ရာမှာ စစ်ကောင်စီက ကျောင်းသူ/သားများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးနောက် ယခု ကဲ့သို့ ကျောင်းများပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်။

ကျောင်းများပြန်ဖွင့်လာချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နေရာအချို့နှင့် ကရင်ပြည်နယ် ဘုရား သုံးဆူ တွင် ရှိသည့် စာသင်ကျောင်းအချို့အနီး ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ပညာသင်ကြားနေသည့် ကျောင်းသူ/ကျောင်းသား လေးသိန်းကျော်ရှိပြီး ယခုကျောင်း ပြန်ဖွင့်လှစ်ရာတွင် ကျောင်းသူ/ကျောင်းသား လေးသောင်းခန့်သာ ကျောင်းလာတက်ကြသည်ဟု ပြည်နယ် ပညာ ရေးမှူးရုံးရှိ စာရင်းများအရ သိရသည်။

ကျောင်းစဖွင့်သည့် ပထမအပတ်တွင် ကျောင်းတက်သည့် ကျောင်းသူ/ကျောင်းသားဦးရေ နည်းနေသော်လည်း ဒုတိယအပတ်ခန့်တွင် ကျောင်းလာတက်သူ ကျောင်းသား/သူဦးရေ တိုးလာနိုင်သည်ဟု ပညာရေးဝန်ထမ်းများ က ခန့်မှန်းထားကြသည်။

မြို့ပေါ်ရှိကျောင်းများထက် နယ်ဘက်ရှိကျောင်းများတွင် ကျောင်းတက်သည့် ကျောင်းသူ/ကျောင်းသားဦးရေ ပိုများနိုင်သည်ဟုလည်း ကျောင်းဆရာ/ဆရာများက ပြောသည်။

"ကျောင်းဖွင့်တယ်ဆိုပေမယ့် ကျောင်းသားတွေ မတက်ကြဘူး။ တချို့ကျောင်းတွေဆို ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ တစ်ဆယ် နှစ်ဆယ် အဲလောက်ပဲ တက်နေကြတယ်။ အများစု မတက်ကြဘူး ပြောလို့ရတယ်" ဟု မော် လမြိုင်မြို့က ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ကျောင်းသားမိဘအချို့ကလည်း ကလေးလုံခြုံရေးအတွက် စိုးရိမ်ပြီး ကျောင်းမပို့သေးခြင်း ဖြစ်သည်ဟု ပြောကြ သည်။

မွန်ပြည်နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး အဆိုပါကျောင်းများတွင် ပညာသင်ကြားနေ သည့် ကျောင်းသူ/ကျောင်းသူပေါင်း လေးသိန်းကျော်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းများအရ သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly