မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၌ အိုးအိမ်စွန့်ခွာရသူ ၃၇,၀၀၀ ခန့်ရှိနေဟု ကုလ ပြော

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၌ အိုးအိမ်စွန့်ခွာရသူ ၃၇,၀၀၀ ခန့်ရှိနေဟု ကုလ ပြော

နိုဝင်ဘာ ၃

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၌ လက်ရှိတွင် အမျိုးသမီးများနှင့် ကလေးများအပါအဝင် ပြည်သူ ၃၇,၀၀၀ ခန့်သည် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး အများအပြားသည် လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာပြီး အိန္ဒိယနိုင်ငံထဲသို့ အပါအဝင် အခြားနေရာများသို့ ထွက်ပြေးထားခဲ့ကြရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံ အနောက်မြောက်ပိုင်းတွင် ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့အကြား မကြာသေးခင်က တိုက်ပွဲများ အရှိန်မြင့်တက်နေခဲ့မှုအပေါ် မြန်မာနိုင်ငံရှိ ကုလအဖွဲ့အနေဖြင့် အင်မတန် စိုးရိမ်ပူပန်လျက်ရှိနေဆဲဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ်၏ တွဲဖက်ပြောရေးဆိုခွင့်ရှိသူ ဖလော်ရန်စီယာ ဆိုတို နီနိုက နိုဝင်ဘာ ၁ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကိုးလအကြာတွင် လက်ရှိ အခြေအနေများအရ ပြည်သူများ အိုးအိမ်စွန့်ခွာရစေမှုများကို ဖြစ်စေခဲ့သလို အိမ်၊အဆောက်အအုံများလည်း ဖျက်ဆီးခံနေရကြောင်း သူမက ပြောသည်။ ပြီးခဲ့သည့် ရက်များအတွင်း ချင်းပြည်နယ် ထန်တလန်မြို့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှု၊ အရပ်သားပြည်သူများ၏ နေအိမ် ၁၆၀ ကျော် မီးရှို့ခံရမှု တို့ အပါအဝင် စိုးရိမ်ပူပန်စရာ သတင်းများ ရှိထားခဲ့သည်။

"လက်ရှိမှာ နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ အမျိုးသမီးတွေ၊ ကလေးတွေအပါအဝင် လူပေါင်း ၃၇,၀၀၀ လောက် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေရတယ်လို့ ကျွန်မတို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်၊ အများအပြားဟာ လက်ရှိ တိုက်ပွဲတွေကြောင့် အိန္ဒိယ  အပါအဝင် တခြားနေရာတွေကို ထွက်ပြေးထားခဲ့ကြရပါတယ်" ဟု နီနိုက ပြောသည်။ ယင်းသည် ၂၀၁၉ ဒီဇင်ဘာလနောက်ပိုင်း ယခင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထားကြရဆဲ လူပေါင်း ၇,၀၀၀ ကျော်အပြင် ယင်းသည် နောက်ထပ် ပေါ်ပေါက်သည့် နေရပ်စွန့်ခွာကြရမှုများဖြစ်သည်ဟု သူမက ပြောသည်။

ပဋိပက္ခတွင် သက်ဆိုင်ပတ်သက်သူများအနေဖြင့် အရပ်သားပြည်သူများကို အကာအကွယ်ပေးရမည့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအောက်ရှိ တာဝန်ဝတ္တရားများကို လိုက်နာရမည်ဖြစ်ကြောင်း ကုလ အဖွဲ့က ထပ်မံ တောင်းဆိုသလို အကူအညီပေးရေး လုပ်သားများနှင့် ၎င်းတို့၏ ပစ္စည်း၊ ဥစ္စာများသည် မည်သည့်အခါမှ ပစ်မှတ်တစ်ခု မဖြစ်သင့်ဟု ထပ်လောင်းပြောလိုကြောင်း သူမက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required