မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနှင့် စောဂေါ်မူဒိုတို့ ၂၀၁၆ ဇန်နဝါရီတွင် ထိုးသတ်မည်

မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနှင့် စောဂေါ်မူဒိုတို့ ၂၀၁၆ ဇန်နဝါရီတွင် ထိုးသတ်မည်

ဒီဇင်ဘာ ၂၆၊ ရန်ကုန်။           ။ မြန်မာပြည် အလွတ်တန်း ရိုးရာလက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်းအား သတ္တိရိုးရာလက်ဝှေ့ကလပ်မှ စောဂေါ်မူဒိုမှ စိန်ခေါ်ထား ပြီး ၎င်းတို့နှစ်ဦး၏ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို လာမည့် ၂၀၁၆ ဇန်နဝါရီ ၁၇ ရက်၊ ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့ရုံ၌ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ မြန်မာပြည် ချန်ပီယံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို NAING MOE ENTERTAINMENT မှ စီစဉ်ခြင်းဖြစ်ပြီး ထွန်းထွန်း မင်းနှင့် ဂေါ်မူဒိုတို့၏ အဓိက တွဲဆိုင်းအပြင် အခြားတွဲဆိုင်း ခုနစ်ဆိုင်း ပါဝင်မည်ဖြစ်သည်။ အခြားတွဲဆိုင်းများမှာ နိုင်လင်း ထွန်း(နဂါးမာန်)နှင့် ရှမ်းညီ (T&T)၊ ဥဒေါင်းမင်း(ထွန်းထွန်းမင်း)နှင့် စောသူရိန်(သတ္တိ)၊ ကျော်ဝင်းအောင်(အဖြူရောင်သွေး သစ်)နှင့် ထွန်းလွင်မိုး(နဂါးမာန်)၊ နေရူဘီ(STL)နှင့် စိုးမောင်ဦး(ရတနာပုံကလပ်)၊ ရန်တိုင်းကျော်(အလင်းရောင်)နှင့် မျိုးမာန် သစ်(STL)၊ စောသဲဦး (STL)နှင့် ကျားဗဟိန်း(အလင်းရောင်)၊ ရှမ်းကို (T&T)နှင့် ရဲတံခွန်(အဖြူရောင်သွေးသစ်)တို့ ဖြစ်ကြ သည်။

ချန်ပီယံဟောင်း စောငမန်းကို ဖြတ်ကျော်ကာ မြန်မာပြည် ချန်ပီယံဖြစ်လာခဲ့သည့် ထွန်းထွန်းမင်းသည်  ဒီဇင်ဘာ ၂၀ ရက်က ထိုးသတ်ခဲ့သည့် ပွဲစဉ်တွင် အမေရိကန်လက်ဝှေ့ကျော် ဆိုင်းရပ်စ်ကို ပထမအချီ၌ပင် အလဲထိုး အနိုင်ရထားသူ ဖြစ်သည်။

အလားတူ ထွန်းထွန်းမင်းအား စိန်ခေါ်ထိုးသတ်မည့် သတ္တိကလပ်မှ စောဂေါ်မူဒိုသည် တူးတူး၊ စိုးလင်းဦး၊ စောငမန်း စသည့် လက်ဝှေ့ကျော်များကို စိန်ခေါ်ထိုးခဲ့သူတစ်ဦးဖြစ်သည်။ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းအား စိန်ခေါ်ထိုးသတ်မည့် စောဂေါ်မူဒိုနှင့် ပတ်သက်၍ လက်ဝှေ့ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးဝဏ္ဏက ' စောဂေါ်မူတို ဝိတ်တက်လာတယ်။ ထိုးလုံး ထိုးပေါက်တွေ ကောင်းလာတယ်။ ပုဂံဖိုက်မှာ ရွှေခါးပတ်ချန်ပီယံ ဒေါနအောင်နဲ့ ယှဉ်ပေးလိုက်တယ်။ ဒေါနအောင်ဆိုတာ လွန်ခဲ့တဲ့ နှစ် နှစ်လောက်က ထွန်းထွန်းမင်းကို သရေထိုးထားတယ်။ အဲဒီပွဲမှာ ဂေါ်မူဒိုက ပထမအချီမှာတင် လက်ရည်မမျှလို့ ဒိုင်ပွဲ ရပ်နဲ့ အနိုင်ရလိုက်တယ်။ ဂေါ်မူတို လက်ရည်တက်လာသလို ဝိတ်တက်လာတယ်' ဟု ပြောခဲ့သည်။ ထွန်းထွန်းမင်းနှင့် စောဂေါ်မူဒိုတို့၏ ရိုးရာလက်ဝှေ့ပွဲ ရုံဝင်ကြေးအဖြစ် ငွေကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly