ပါကစ္စတန် မီဒီယာအာဏာပိုင်အဖွဲ့က နိုင်ငံတွင် ပိတ်ပင်ထားသည့် TLP အဖွဲ့နှင့်ပတ်သက်ပြီး သတင်းဖော်ပြမှုအပေါ် တားမြစ်

ပါကစ္စတန် မီဒီယာအာဏာပိုင်အဖွဲ့က နိုင်ငံတွင် ပိတ်ပင်ထားသည့် TLP အဖွဲ့နှင့်ပတ်သက်ပြီး သတင်းဖော်ပြမှုအပေါ် တားမြစ်

ပါကစ္စတန်နိုင်ငံတွင် တရားဝင် ပိတ်ပင်တားမြစ်ထားသည့် အဖွဲ့ဖြစ်သည့် Tehreek-e-Labbaik Pakistan (TLP) နှင့်ပတ်သက်ပြီး သတင်းတင်ဆက်ဖော်ပြခြင်း မပြုရန် တီဗီ ချန်နယ်များနှင့် အခြား မီဒီယာသတင်းဌာနအားလုံးကို ပါကစ္စတန် အီလက်ထရောနစ် မီဒီယာ စည်းမျဥ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ (PEMRA) က အောက်တိုဘာ ၂၈ ရက်တွင် တားမြစ်လိုက်သည်ဟု ပြည်တွင်းသတင်းများက ဖော်ပြသည်။

တရားဝင် ပိတ်ပင်တားမြစ်ထားသည့် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး သတင်းရယူဖော်ပြမှုအပေါ် ပိတ်ပင်သည့် အီလက်ထရောနစ် မီဒီယာ (ပရိုဂရမ်များနှင့် ကြော်ငြာများ) ဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်အောက်တွင် ယခု ပိတ်ပင်ကန့်သတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု PEMRA ၏ တရားဝင်ထုတ်ပြန်ချက်တစ်စောင်ကို ကိုးကားပြီး Geo News က ဖော်ပြသည်။

"အကြမ်းဖက် လုပ်ဆောင်မှုမှာ ပါဝင်ပတ်သက်မှုအတွက် TLP ကို တရားဝင်ပိတ်ပင်တားမြစ်ခံ အဖွဲ့တစ်ခုအဖြစ် ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထုတ်ပြန်ချက်အရ အဆိုပါ ပိတ်ပင်တားမြစ်ခံထားရသည့် အဖွဲ့နှင့်ပတ်သက်ပြီး သတင်းအချက်အလက် ဖြန့်ခြင်း မပြုရန်အတွက် အားလုံးသော ဂြိုဟ်တု တီဗီချန်နယ်များ၊ အက်ဖ်အမ် ရေဒီယို စတေရှင်များ၊ ထုတ်လွှင့်တင်ဆက်မှု ကွန်ရက်များ (ကေဘယ်လ်တီဗီ အော်ပရေတာများ၊ အင်တာနက် ပရိုတိုကော တယ်လီဗေးရှင်း) တို့ကို ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အစောပိုင်းတစ်ရက်ကလည်း ဖက်ဒရယ် စုံစမ်းစစ်ဆေး‌ရေး အေဂျင်စီ (FIA) ၏ ဆိုက်ဘာ အမှုအခင်းဌာနသည် ပိတ်ပင်တားမြစ်ခံ အဖွဲ့၏ ဆိုရှယ်မီဒီယာအကောင့်များအပေါ် စစ်ဆေးကြပ်မတ်မှုတစ်ရပ် လုပ်ခဲ့သည်ဟု Geo News က ဖော်ပြသည်။

FIA ၏ ထုတ်ပြန်ချက်တစ်ရပ်အရ လာဟိုး၊ ဖိုင်ဆာလာဘတ်၊ နန်ကာနာ ဆာဟာ့ဘ်၊ အစ္စလမ်မာဘတ်နဲ့ ပန်ဂျပ်ပြည်နယ်၏ အခြားမြို့ကြီးများတွင် လုပ်ဆောင်ခဲ့သည့် ဖြိုခွင်းနှိမ်နင်းမှုအတွင်း လူ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြောကြားထားသည်ဟု Geo News က ဖော်ပြသည်။

"ဖမ်းဆီးခံရသူတွေဟာ ပိတ်ပင်တားမြစ်ခံ အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကနေတဆင့် အင်တာနက်ပေါ်မှာ အမုန်းတရား လှုံ့ဆော်တဲ့ အကြောင်းအရာတွေနဲ့ မမှန်မကန် ပြုပြင်ထားတဲ့ ရုပ်ပုံတွေ တင်တာတို့မှာ ပါဝင်ပတ်သက်ထားသူတွေဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အောက်တိုဘာ ၂၇ ရက်ကလည်း ပိတ်ပင်တားမြစ်ခံ အဖွဲ့၏ ဆိုရှယ်မီဒီယာအကောင့်များအပေါ် ဖြိုခွင်းနှိမ်နင်းမှု လုပ်ဆောင်ရန် သက်ဆိုင်ရာ အာဏာပိုင်များကို ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရှိတ် ရာရှိဒ် အာမက်ဒ်က ညွှန်ကြားခဲ့ကြောင်း Geo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly