အမေရိကန်မှာ ၅ နှစ်နဲ့ ၁၁ ကြား ကလေးငယ်တွေကို COVID-19 ကာကွယ်ဆေး ထိုးနှံပေး 

အမေရိကန်မှာ ၅ နှစ်နဲ့ ၁၁ ကြား ကလေးငယ်တွေကို COVID-19 ကာကွယ်ဆေး ထိုးနှံပေး 
Photo - AFP

နိုဝင်ဘာ ၃

အမေရိကန်နိုင်ငံမှာ အသက် ၅ နှစ်မှ ၁၁ ကြား ကလေးငယ်တွေကို COVID-19 ကာကွယ်ဆေး Pfizer- BioNtech ကို ထိုးနှံခွင့်ပြုလိုက်တာကြောင့် ပထမဆုံး အသုတ် ကလေးငယ်တွေက ကာကွယ်ဆေး ထိုးနှံခံပြီ ဖြစ်ပါတယ်။ 

ကပ်ဘေးကို တိုက်ဖျက်ရေးမှာ “အဓိကကျတဲ့ ဆောင်ရွက်ချက်” အဖြစ် သမ္မတ ဂျိုး ဘိုင်ဒင်က အမွှမ်းတင်ပြောဆိုတဲ့ ဒီ ဆောင်ရွက်ချက်အရ ကလေးငယ်တွေ ကာကွယ်ဆေး ထိုးနှံနိုင်ပြီလို့ ကျန်းမာရေး အာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြောလာပါတယ်။ 

အစားအစာနဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDA က ခွင့်ပြုချက်ပေးပြီးနောက် ရက်ပိုင်းအတွင်း ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာကနေ ကာကွယ်ဆေးကို အတည်ပြုချက် ပေးလိုက်တာ ဖြစ်တာကြောင့် ကလေးငယ်ပေါင်း ၂၈ သန်းဟာ ကာကွယ်ဆေး ထိုးနှံကြရတော့မှာ ဖြစ်ပါတယ်။ 

“ဒီကနေ့ဟာ ကျွန်တော်တို့တွေရဲ့ COVID-19 တိုက်ဖျက်ရေးမှာ အခရာကျတဲ့အမှတ်ဆီ ရောက်ရှိတာပဲ ဖြစ်ပါတယ်”ဆိုပြီး အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ သမ္မတ ဂျိူးဘိုင်ဒင်က ဆိုထားပါတယ်။ 

ငယ်ရွယ်တဲ့ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးနှံပေးခြင်းကြောင့် ကိုယ့်ကလေးငယ်တွေအတွက် မိဘတွေရဲ့ စိုးရိမ်ပူပန်မှုကို လျှော့ချစေမှာ ဖြစ်သလို ကလေးငယ်တွေကနေ အခြား သူတွေဆီ ကူးစက်မှုကိုလည်း ကျဆင်းစေမှာ ဖြစ်ပါတယ်။ 

“ဒါဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဗိုင်းရပ်စ်ကို နှိမ်နှင်းရေးမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ”လို့ ဂျိူးဘိုင်ဒင်က ပြောပါတယ်။ 

အမေရိကန်က ကလေးငယ်တိုင်းအတွက် အစိုးရက ကာကွယ်ဆေး လုံလောက်စွာ ထားရှိထားကြောင်း သူက ပြောပြီး ဒီ စနေ၊ တနင်္ဂနွေမှာလည်း ကာကွယ်ဆေး သန်းပေါင်းများစွာကို တာဝန်ရှိသူတွေ တင်သွင်းရယူမယ်လို့ ဖြည့်စွက်ပြောပါတယ်။ 

“လာမယ့် ရက်တွေအတွင်း အစီအစဉ်ကို တိုးချဲ့ပြီး နိုဝင်ဘာ ၈ ရက် သီတင်းပတ်အတွင်းမှာ ကဘေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးရေး အစီအစဉ် အပြည့်အဝ လည်ပတ်လိမ့်မယ်”လို့ ဂျိူးဘိုင်ဒင်က ပြောပါတယ်။ 

ကလေးငယ်တွေအတွက် ကာကွယ်ဆေး နှစ်လုံး ထိုးပေးရာမှာ ဆေးတစ်လုံးစီကို သုံးပတ်ခြားပြီး ထိုးနှံပေးရတာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ပမာဏဟာလည်း အရွယ်ရောက်ပြီးသူတွေမှာ ၃၀ မိုက်ခရိုဂရမ် ထိုးနှံပေးတာ ဖြစ်ပေမယ့် ကလေးငယ်တွေကိုတော့ ၁၀ မိုက်ခရိုဂရမ်ပဲ ထိုးနှံ ပေးရတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required