အိန္ဒိယ၏ တတိယမြောက် ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို နိုဝင်ဘာလကုန်တွင် တရားဝင် စတင်ဖြန့်ဖြူးမည်

အိန္ဒိယ၏ တတိယမြောက် ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို နိုဝင်ဘာလကုန်တွင် တရားဝင် စတင်ဖြန့်ဖြူးမည်

အိန္ဒိယနိုင်ငံတဝန်း လုပ်ဆောင်လျက်ရှိသည့် COVID-19 ကာကွယ်ဆေး ထိုးနှံမှု ကမ်ပိန်းကို ထပ်မံအရှိန်အားကောင်းစေရန်အတွက် ယင်းနိုင်ငံ၏ တတိယမြောက် ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး Corbevax ကို နိုဝင်ဘာလကုန်တွင် တရားဝင် စတင်မိတ်ဆက်ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း ယင်းကာကွယ်ဆေးထုတ်လုပ်သည့် အိန္ဒိယဆေးကုမ္ပဏီ Biological E Limited က အောက်တိုဘာ ၂၅ ရက်က ပြောသည်။

ဟိုက်ဒါရာဘတ်၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် Biological E Limited ၏ မန်နေဂျင်း ဒါရိုက်တာ မာဟီမာ ဒက်တ်လာက သတင်းထောက်များကို ပြောကြားရာတွင် "ဟိုက်ဒါရာဘတ် အခြေစိုက် Biological E Limited အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Corbevax ကို နိုဝင်ဘာလကုန်မတိုင်မီ တရားဝင် မိတ်ဆက်နိုင်ဖို့ မျှော်မှန်းထားပါတယ်၊ ဒါက ကျွန်မတို့ရဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်၊ အဲဒီ ထုတ်ဖော်တဲ့နေ့မှာပဲ ကျွန်မတို့ဟာ ဆေးအလုံးရေ သန်း ၁၀၀ ပံ့ပိုးပေးအပ်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

COVID-19 ကာကွယ်ဆေး Corbevax ၏ အပြီးသတ် လက်တွေ့စမ်းသပ်ချက် ဒေတာများကို နိုဝင်ဘာလကုန်မတိုင်မီ တင်သွင်းသွားမည် ဖြစ်သည်ဟု Biological E Limited က အောက်တိုဘာ ၁၄ ရက်တွင် ပြောခဲ့ကြောင်း အိန္ဒိယအစိုးရသတင်းရင်းမြစ်များက ဖော်ပြသည်။

အစိုးရအနေဖြင့် ယင်း COVID-19 ကာကွယ်ဆေး Corbevax ၏ အဆင့် ၃ ဒေတာအချက်အလက်များကို အောက်တိုဘာလမတိုင်မီ တင်သွင်းလိမ့်မည်ဟု မျှော်မှန်းခဲ့သော်လည်း ကုန်ကြမ်း ဝယ်ယူမှုပိုင်း နှောင့်နှေးကြန့်ကြာမှုကြောင့် ဟိုက်ဒါရာဘတ် အခြေစိုက် Biological E Limited သည် Corbevax အတွက် အရေးပေါ် အသုံးပြုခွင့် အတည်ပြုချက်ရရေးအတွက် နိုဝင်ဘာကုန်တွင် လျှောက်ထားလိမ့်မည်ဟု မျှော်လင့်ရသည်။

Corbevax သည် အိန္ဒိယ၏ တတိယမြောက် ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး ဖြစ်သည်။ အခြား ပြည်တွင်းဖြစ် ကာကွယ်ဆေးနှစ်မျိုးမှာ Covaxin နှင့် ZyCoV –D တို့ဖြစ်သည်။ ဒီဇင်ဘာလတွင် Corbevax ဆေးအလုံးရေ သန်း ၃၀၀ ရရှိရေး မှာယူထားကြောင်း အိန္ဒိယအစိုးရက အစောပိုင်းက ကြေညာခဲ့သည်။

"အိန္ဒိယရဲ့ COVID-19 ကာကွယ်ဆေးထိုးမှုဆိုင်ရာ ဖြန့်ကျက်မှုက အောက်တိုဘာ ၂၅ ရက်မှာ ၁၀၂ ဒသမ ၈ ကုဋေ (၁,၀၂,၈၆,၆၉,၀၅၃) ကို ရောက်ရှိခဲ့ပါတယ်၊ ဒီနေ့ ညနေ ၇ နာရီအထိ ကာကွယ်ဆေးအလုံးရေ ၅၈ သိန်း (၅၈,၈၇,၉၈၁) ကို ထိုးနှံပေးထားပြီးပါပြီ၊ နေ့အလိုက် ကာကွယ်ဆေးထိုးမှု စာရင်းက ဒီညအထိ တစ်နေ့တာ အပြီးသတ် အစီရင်ခံစာတွေ စုစည်းမှုနဲ့အတူ မြင့်တက်ဖွယ် ရှိနေပါတယ်" ဟု အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly