ပါကစ္စတန်၌ ကုန်စျေးနှုန်းတက်မှုအပေါ် နိုင်ငံတဝန်း ဆန္ဒပြကြရန် အတိုက်အခံခေါင်းဆောင် ဆော်သြခဲ့

ပါကစ္စတန်၌ ကုန်စျေးနှုန်းတက်မှုအပေါ် နိုင်ငံတဝန်း ဆန္ဒပြကြရန် အတိုက်အခံခေါင်းဆောင် ဆော်သြခဲ့

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် အီမရန် ခန်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မဲခွဲဆုံးဖြတ်ခွင့်နှင့် မီဒီယာ၏ လွတ်လပ်စွာ ရေးသားဖော်ပြမှု အပါအဝင် ပြည်သူများ၏ အခွင့်အရေးများကို ချုပ်ကိုင်ကန့်သတ်ထားခဲ့သည်ဟု ပါကစ္စတန် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဘီလာဝဲလ် ဘူတို ဇာဒါရီက စွပ်စွဲ ပြောဆိုလိုက်သည်။

နိုင်ငံတွင် ကုန်စျေးနှုန်းများ တက်မှုနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ပါကစ္စတန် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဘီလာဝဲလ်က နိုင်ငံတဝန်းရှိ ပြည်တွင်း သတင်းမီဒီယာကလပ်များ အရှေ့တွင် အောက်တိုဘာ ၂၉ ရက်မှစပြီး ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့ကြောင်း Tribune က ဖော်ပြသည်။

ဘီလာဝဲလ်သည် အောက်တိုဘာ ၂၅ ရက်က ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့်အကြား အစည်းအဝေးတစ်ခုအတွင်း ပြောကြားခဲ့ရာတွင် ပါကစ္စတန်ဝန်ကြီးချုပ်သည် နိုင်ငံကို ပြုပြင်ပြောင်းလဲနေခြင်း မရှိဘဲ နိုင်ငံကို ဖျက်ဆီးရာတွင် ပါဝင်ပတ်သက်နေသည်ဟု ပြောခဲ့ကြောင်း The Express Tribune က ဖော်ပြသည်။

"အီမရန် ခန်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ပြည်သူတွေကို အပ်နှင်းထားတဲ့ လွတ်လပ်ခွင့်တွေကို ဖျောက်ဖျက်ထားခဲ့ပါတယ်၊ ဒါတွေအားလုံးကို သူ လုယူဖို့ ကြိုးစားထားခဲ့ပါတယ်" ဟု ဘီလာဝဲလ်က ပြောကြောင်း Tribune က ကိုးကား ဖော်ပြသည်။

အထူးသဖြင့်ပါကစ္စတန်နိုင်ငံတွင် စားသောက်ကုန်စျေးနှုန်းများသည် ၂၀၁၈ ခုနှစ်က စပြီး တက်လာနေခဲ့ပြီး ယခုနှစ် ၂၀၂၁ ခုနှစ်တွင်လည်း ဆက်လက်ပြီး ထပ်မံထိုးတက်လျက် ရှိကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်အဆီမှ ထုတ်လုပ်သည့် ထောပတ်ဆီ တစ်ကီလို စျေးနှုန်းသည် ပြီးခဲ့သည့် သုံးနှစ်တွင် ဆက်တိုက်ဆိုသလို ၂၇ ရာခိုင်နှုန်း တက်ထားခဲ့သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ဟင်းချက်ဆီ စျေးနှုန်းသည် ၂၃ ရာခိုင်နှုန်း တက်ထားခဲ့သလို သကြား စျေးနှုန်းက ၂၂ ရာခိုင်နှုန်း နှင့် ပဲအမျိုးမျိုး‌ စျေးနှုန်းသည် ၂၁ ရာခိုင်နှုန်းဖြင့် တက်ထားခဲ့သည်။ ဂျုံမှုန့် စျေးနှုန်းသည် ၂၀၁၈ ခုနှစ်နောက်ပိုင်း နှစ်စဥ် ၁၅ ရာခိုင်နှုန်း တက်ထားခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်၏ အစားအစာ ကုန်စျေးနှုန်းတက်မှုက ပြီးခဲ့သည့် နောက်ဆုံး နှစ်နှစ်အတွင်း လတချို့မှလွဲပြီး အများအားဖြင့် ကိန်းဂဏန်းနှစ်လုံးတွင် ဆက်ရှိနေခဲ့သည်ဟု အဆိုပါ သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly