တရုတ်ကျောက်မီးသွေးနှင့်အတူ အလူမီနီယမ်ဈေးနှုန်းများ ကျဆင်း

တရုတ်ကျောက်မီးသွေးနှင့်အတူ အလူမီနီယမ်ဈေးနှုန်းများ ကျဆင်း

သတ္တုထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားက အဓိကျသောနေရာမှပါဝင်သည့် တရုတ်နိုင်ငံ၌ ကျောက်မီးသွေးဈေးနှုန်းများကျဆင်းလာမှုကြောင့် ထုတ်လုပ်ဖြန့်ချီမှုအပေါ် စိုးရိမ်မှု လျော့ကျလာစဉ် အောက်တိုဘာ ၂၆ ရက်တွင် အလူမီနီယမ်ဈေးနှုန်းသည် ၂ လအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။

London Metal Exchange (LME) ၏ အလူမီနီယမ် ရည်ညွှန်းနှုန်းထားသည် အောက်တိုဘာ ၂၈ ရက် ဂင်းနစ်စံတော်ချိန် ၁၆ နာရီ ၀၂ မိနစ်က ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၂ ၇၂၁ ဖြင့် ၀ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ အမေရိကန်ဒေါ်လာ ၂ ၆၀၂ ပေါက်ဈေးရှိခဲ့သည့် ဩဂုတ်လနှောင်းပိုင်းနောက် အနိမ့်ဆုံးဖြစ်သည်။

အလူမီနီယမ်အတွက် စိုးရိမ်နေရခြင်းသည် မော်တော်ကားနှင့်ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလူမီနီယမ်သတ္တုစပ်များပြုလုပ်ရာတွင်သုံးသည့် မဂ္ဂနီဆီယမ်ရှားပါးမှုကြောင့်လည်းဖြစ်ကြောင်း Concord Resources မှ သုတေသနမန်နေဂျာ ဒန်ကန်ဟော့စ်က ပြောကြားခဲ့သည်။

“မဂ္ဂနီဆီယမ်ပြတ်လပ်မှုက အလူမီနီယမ်ကုန်ချောလုပ်ငန်းစဉ်မှာ အဟန့်အတားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တရုတ်ပြင်ပထုတ်လုပ်မှုကို မက်လုံးပေးဖို့ လာမယ့်နှစ်တွေမှာ အလူမီနီယမ်ဈေးနှုန်းတွေကို မြှင့်ပြီး ရောင်းဝယ်ရပါလိမ့်မယ်” ဟု ဒန်ကန်ဟော့စ် ကဆိုသည်။

ထုတ်လုပ်သူများအား မကြာသေးမီက စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ဈေးနှုန်းများကို ချိန်ညှိရန် အခြေအနေရှိသည်ဟု နိုင်ငံ၏ စီမံကိန်းရေးဆွဲရေးအဖွဲ့က ပြောခဲ့ပြီးနောက် တရုတ်၏ကျောက်မီးသွေး အစုရှယ်ယာတန်ဖိုးများသည် ၅ နှစ်ကျော်အတွင်း အနိမ့်ဆုံးကျဆင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

“ကျောက်မီးသွေးထုတ်လုပ်မှုကုန်ကျစရိတ်တွေဟာ လက်ရှိ ကျောက်မီးသွေးဈေးနှုန်းထက် သိသိသာသာ နိမ့်ကျနေတယ်ဆိုတာ ကနဦးရလဒ်တွေက ပြသခဲ့ပါတယ်” ဟု တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly