မန္တလေးမြို့တွင် လုံခြုံရေး အထူးတင်းကျပ်ကာ လှည့်ကင်းများ လှည့်နေ

03 November 2021
မန္တလေးမြို့တွင် လုံခြုံရေး အထူးတင်းကျပ်ကာ လှည့်ကင်းများ လှည့်နေ

နိုဝင်ဘာ ၃

မန္တလေးမြို့တွင်း လမ်းမကြီးများတွင် ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် မိုးလင်းချိန်မှ စ၍ စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး လှည့်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်နေသည်ဟု မြို့ခံများက ပြောသည်။

မြို့၏ အဓိက လမ်းမကြီးများ ဖြစ်သည့် ၂၂ လမ်း၊ ၃၅ လမ်း၊ ၇၃ လမ်းနှင့် ကျုံးပတ်ပတ်လည် တစ်လျှောက် တစ်ပြ ( တစ်ဖာလုံဝန်းကျင် )လျှင် စစ်သား နှစ်ယောက်နှုန်းဖြင့် ကင်းပုန်းချထားကာ ရဲဝတ်စုံများဖြင့် ကင်းလှည့်နေကြသည်။

"တစ်ပြမှာ စစ်သားနှစ်ယောက် လုံခြုံရေး ချထားတာတွေ့ရတယ်။ စစ်ကားတွေလည်း ပတ်နေတယ်။ ဘာလဲတော့မသိဘူး။ မနက်မိုးလင်းကတည်း သေနတ် ပစ်သံတွေလည်း ကြားနေရတယ်" ဟု မဟာအောင်မြေမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အတည် မပြုနိုင်သေးသည့် သတင်းအရ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၇၃ လမ်းအရှေ့ဘက်၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ ဗန်းမော်ကျောင်းတိုက်သို့ စစ်တပ် အကြီးအကဲတစ်ဦး သွားရောက်ရန် ရှိ၍ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

"ဒီဘက်မှာတော့ ပိတ်ဆို့ထားတယ်။ တိုက်အမြင့်တွေမှာ စနိုက်ဘာသမားတွေ တက်နေတာ တွေ့တယ်။ စစ်ကားတွေက မြို့ပတ်နေတယ်။ နေရာတိုင်းမှာ လှည့်ကင်း၊ ဝပ်ကင်းတွေနဲ့" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဗန်းမော်ကျောင်းတိုက် အနီးဝန်းကျင်သို့ ဖြတ်သွားဖြတ်လာများ ခွင့်မပြုတော့ဘဲ လမ်းပိတ်ဆို့ထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly