အပြစ် မကျူးလွန်ခဲ့၍ တရားရုံးတွင် တောင်းပန်လျှောက်ထားစရာမလိုဟု ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

အပြစ် မကျူးလွန်ခဲ့၍ တရားရုံးတွင် တောင်းပန်လျှောက်ထားစရာမလိုဟု ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

နိုဝင်ဘာ ၂

မည်သည့် ပြစ်မှုမျှ မကျူးလွန်ခဲ့ခြင်းကြောင့် အမှုနှင့် ပတ်သက်၍ တရားရုံးတွင် တောင်းပန် လျှောက်ထားစရာ မလိုဟု တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးကို တုံ့ပြန်ချေပ ပြောဆိုခဲ့သည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်‌ တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်အား တရားသူကြီးက အမှုနှင့် ပတ်သက်၍ အပြစ် မရှိကြောင်း ဘာ့ကြောင့် မပန်ကြား၊ မတောင်းဆိုသလဲဟု မေးမြန်းရာတွင် ယင်းကဲ့သို့ တုံ့ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် အထူး သီးသန့်တရားရုံး၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နှင့် နေပြည်တော် ကောင်စီ နယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို ဆူပူအောင် လှုံ့ဆော်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုအတွက် ဒေါက်တာမျိုးအောင်တစ်ဦးတည်းသာ သက်သေထွက်ဆိုရန် ကျန်ရှိနေပြီး ယနေ့ တရားခွင်အတွင်း ၎င်းက ကိုယ်တိုင်ကျမ်းကျိန် ထွက်ဆိုခဲ့သည်။

ဒေါက်တာမျိုးအောင်က ကိုယ်တိုင်ချေပ ထွက်ဆိုရာတွင် ဖေဖော်ဝါရီ ၁ ရက်က ၎င်းအား မည်သို့ ဖမ်းဆီးခံခဲ့ရသည် ဆိုခြင်းကို ထွက်ဆိုနေစဉ် အစိုးရရှေ့နေဘက်က အမှုနှင့် မသက်ဆိုင်ကြောင်း ကန့်ကွက်ခဲ့သည်။

စွပ်စွဲခံရသူဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေအဖွဲ့က ထွက်ဆိုသည့် သက်သေခံချက်များသည် ဆက်စပ်မှု ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ရာ တရားသူကြီးက တရားခံ အနေဖြင့် အမှုအတွက် ပြည့်ပြည့်၀၀ ထွက်ဆိုခွင့်ရှိသည်ဟု ဆိုကာ ခွင့်ပြုပေးခဲ့သည်။

ဒေါက်တာမျိုးအောင် ထွက်ဆိုချက်အပြီး စွပ်စွဲခံရသူများ၏ ရှေ့နေအဖွဲ့က လျှောက်လဲချက် ပေးရမည့် ရက်အား ပုံမှန်ချိန်းဆိုနေသည့် ရက်ထက် တစ်ပတ်နောက်ဆုတ်ကာ စစ်ဆေးပေးရန် တောင်းဆိုခဲ့ရာ တရားသူကြီးက နို၀င်ဘာ ၁၆ ရက်သို့ ချိန်းဆိုလိုက်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅ )အမှု နှစ်မှု ရှိသည့်အနက် တစ်မှုအား ဆက်လက်စစ်ဆေးခဲ့ရာ တရားလို ဦးညီညီ၊ လိုပြသက်သေ ဦးဝေလွင်ဦးနှင့် စစ်ဆေးရေးအရာရှိ ဦးသန်းအေးတို့အား စစ်မေးခဲ့သည်။

ယခင်တင်ပြထားသော လိုပြသက်သေ ဦးမြင့်နိုင်မှာ ရုံးချိန်းတိုင်း လာရောက်ထွက်ဆိုခြင်း မရှိခဲ့သောကြောင့် ယင်းသက်သေအား တရားရုံးက ပလပ်ခဲ့သည်။

ယင်းအမှုအတွက် တရားလိုပြသက်သေအားလုံး စစ်ဆေးပြီးစီးခဲ့သောကြောင့် စွပ်စွဲခံရသူဘက်မှ တင်ပြထားသော သက်သေများကို စစ်ဆေးရန် နို၀င်ဘာ ၉ ရက်နေ့သို့ ပြန်လည်ချိန်းဆိုသည်။

နိုင်ငံ့ခေါင်းဆောင် သုံးဦးလုံး လက်ရှိအချိန်အထိ ကျန်းမာရေး အထူးကောင်းမွန်ကြောင်း ရှေ့နေ အဖွဲ့နှင့် နီးစပ်သူ အသိုင်းအဝိုင်းက မဇ္စျိမကို အတည်ပြု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly