မန္တလေးမြို့တွင် ကျောင်းတက်သူမရှိ၍ ကျောင်းတက်ကြရန် စစ်တပ်အကြီးအကဲများက လိုက်လံဖိအားပေးနေ

မန္တလေးမြို့တွင် ကျောင်းတက်သူမရှိ၍ ကျောင်းတက်ကြရန် စစ်တပ်အကြီးအကဲများက လိုက်လံဖိအားပေးနေ

နိုဝင်ဘာ ၂

မန္တလေးမြို့တွင် အခြေခံပညာစာသင်ကျောင်း တချို့ပြန်ဖွင့်ထားသော်လည်း ကျောင်းတက်ရောက်သူမရှိခြင်းကြောင့် စစ်တပ်အကြီးအကဲများကိုယ်တိုင်လိုက်လံဖိအားပေး ညွှန်ကြားနေရ ကြောင်းသိရသည်။

“ကျောင်းထဲကို စစ်တပ်က အကောင်ကြီးကြီး(ရာထူးကြီးကြီး) တွေ ၀င်သွားတာတွေ့လိုက်ရတယ်။ တိုင်းမှူးလို့တော့ ပြောတာပဲ။ ကျောင်းရှေ့မှာရော ၂၈ လမ်းဘက်မှာပါ စစ်သားတွေအများကြီးလုံခြုံရေး စောင့်နေတာတွေ့ရတယ်။ ကလေးတွေ ကျောင်းတက်လာတာတော့မတွေ့ရဘူး” ဟု ချမ်းအေးသာစံမြို့နယ် အထက(၁၆)ကျောင်း အနီးနေသူတစ်ဦးက ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ အခြေအနေကို ပြောပြသည်။

အာဏာသိမ်းစစ်ကောင်စီက အခြေခံပညာစာသင်ကျောင်းများအား ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မန္တလေးမြို့ရှိ ကျောင်းများအားလုံး မဖွင့်နိုင်ခဲ့သည့်အပြင် ကျောင်းတက်ရောက်သူလည်း မရှိခဲ့‌ကြောင်း သိရသည်။

ထို့အတွက်ကြောင့် မန္တလေးမြို့ပေါ်ရှိ အမှတ်(၁၄)နှင့်အမှတ်(၁၆) အခြေခံပညာ အထက်တန်း ကျောင်းများသို့ စစ်တပ်အကြီးအကဲများ ကိုယ်တိုင်သွားရောက်ပြီး ကျောင်းတာ၀န်ရှိသူများကို ဖိအားပေးမှုများ လုပ်‌ဆောင်ခဲ့ကြောင်း သတင်းတချို့ ထွက်ပေါ်လာသည်။

“ကလေးကို ဘာလို့ ကျောင်းမလွှတ်တာလဲ။ ကျောင်းလွှတ်ပေးပါ။ သူတို့ကိုလည်း အပေါ်ကထောင်းနေတယ်။ ဒါကြောင့်မို့လို့ ကလေးတွေကိုကျောင်းတက်ခိုင်းပါ။ လက်လှမ်းမှီသလောက် လည်း တိုက်တွန်းပေးပါပေါ့။ အဲဒီလိုခေါ်ပြောတာပါ” ဟု ကျောင်းအကျိုးတော်ဆောင် မိဘဆရာအသင်း၀င်တစ်ဦးလည်းဖြစ်သည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

စစ်ကောင်စီက COVID-19ရောဂါအခြေအနေ ကြောင့် ဆက်လက်ပိတ်ထားရမည့် ကျောင်းများမှအပ တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံးကို နို၀င်ဘာလ ၁ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ရန် အောက်တိုဘာလ ၂၈ ရက် ရက်စွဲဖြင့် အမိန့်ကြေညာစာ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly