ပလက်ဝမြို့ တပ်ထောက်ခံပွဲသို့ တစ်အိမ်တစ်ယောက် မလိုက်မဖြစ်လိုက်ရပြီး စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် မှတ်တမ်းရိုက်ယူ

ပလက်ဝမြို့ တပ်ထောက်ခံပွဲသို့ တစ်အိမ်တစ်ယောက် မလိုက်မဖြစ်လိုက်ရပြီး စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် မှတ်တမ်းရိုက်ယူ

ပလက်ဝ၊ နိုဝင်ဘာ-၂

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ယနေ့ နိုဝင်ဘာလ ၂ရက် နံနက်ပိုင်းက အင်အား၁၀၀ ဝန်းကျင်ဖြင့် ပြုလုပ်ခဲ့သည့် တပ်မတော်ထောက်ခံပွဲကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် မှတ်တမ်းရိုက်ကူးခဲ့ပြီး ထိုထောက်ခံပွဲသို့ တစ်အိမ်တစ်ယောက်နှုန်းဖြင့် မလိုက်မဖြစ် လိုက်ခဲ့ရကြောင်း ဒေသခံများကပြောသည်။

တပ်မတော်ထောက်ခံပွဲအဖြစ် ပလက်ဝမြို့ သင်္ဘာဆိပ်ကမ်းမှ မြို့ထဲ ခူမီးရိုးရာပြတိုက်ရှေ့ထိ လမ်းလျှောက်ခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။

''ခုနလေးတင်မှ တပ်ထောက်ခံပွဲက ပြီးသွားတာ။ အင်အားကတော့ ၁၀၀ကျော်လေးပဲရှိတာ။ တစ်အိမ် တစ်ယောက် အစည်းအဝေးတက်ရမယ်ဆိုပြီး ဒီမနက်ပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါ်လို့ သွားကြတာ။ ဟိုရောက်တော့ အစည်းအဝေး မဟုတ်ဘဲ အဲဒီတပ်ထောက်ခံပွဲမှာ ပါခိုင်းနေတယ်။ ပြီးတော့ ထောက်ခံပွဲ တစ်လျှောက်လုံးလည်း စစ်တပ်ကနေ အပေါ်ကနေ ဒရုန်းနဲ့ ရိုက်တယ် ။ ကင်မရာတွေနဲ့လည်း သူတို့လိုက်ရိုက်ကြတယ်'' ဟု တပ်ထောက်ခံပွဲမှ ပြန်လာသူတစ်ဦးက ပြောသည်။

အဆိုပါတပ်ထောက်ခံပွဲတွင် မတက်မနေရ တစ်အိမ်တစ်ယောက် လိုက်ခေါ်ထားသည့် သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (နတလ)မှကလေးငယ်များပါဝင်သည်ဟုသိရသည်။

တပ်ထောက်ခံပွဲတွင် ပါဝင်သူအများစုသည် နတလ သင်တန်းကျောင်းမှ ကလေးငယ်၃၀ကျော် နှင့်ပြည်ခိုင်ဖြိုးပါတီဝင် တချို့သာ ပါဝင်ပြီး ဒေသခံ ချင်းလူမျိုးအနည်းငယ်သာ ပါရှိသည်ဟုလည်းဆိုသည်။

ပလက်ဝမြို့နယ်သည် စစ်ကောင်စီတပ်များနှင့် AA လက်နက်ကိုင် အကြားတိုက်ပွဲဖြစ်ပွားသည့်အတွက် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် ချင်းပြည်နယ်အတွင်းက ပထမဆုံး စစ်ဘေးသင့်သည့် မြို့နယ်ဖြစ် သည့်အပြင် စစ်တပ်မှလေယာဉ်ဖြင့် ဗုံးကြဲချသဖြင့် ဝက်မရွာတစ်ရွာလုံး ပျက်စီးခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly