ခရီးသွားဧည့်သည်တွေ လာရောက်ပြီဖြစ်တာကြောင့် ထိုင်းမှာ မျှော်လင့်ချက်တွေ မြင့်မားလာ 

ခရီးသွားဧည့်သည်တွေ လာရောက်ပြီဖြစ်တာကြောင့် ထိုင်းမှာ မျှော်လင့်ချက်တွေ မြင့်မားလာ 
Photo - AFP

နိုဝင်ဘာ ၁

COVID-19 ကြောင့် ပိတ်ပင်ထားတဲ့ ခရီးသွားလုပ်ငန်းကို ထိုင်းနိုင်ငံမှာ စတင်အသက်သွင်းလာတာကြောင့် တနင်္လာနေ့မှာ ဘန်ကောက်နဲ့ အပန်းဖြေ ဖူးခက်ကျွန်းဆီ နိုင်ငံခြားဧည့်သည်တွေ စီးဝင်ရောက်ရှိလို့ လာပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဟာ ခရီးသွားလုပ်ငန်းပေါ် မှီခိုနေရတဲ့ ထိုင်းစီးပွားရေးကို ထိုးနှက်နေတာ ဖြစ်ပြီး ဧည့်သည်လာရောက်မှု ၈၀ ရာခိုင်နှုန်းကျော် လျော့ပါးသွားတာကြောင့် ပြီးခဲ့တဲ့နှစ်ရဲ့ စီးပွားရေးအခြေအနေဟာ ၁၉၉၇ အာရှစီးပွားပျက်ကပ်နောက်ပိုင်း အဆိုးဆုံး ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

ထိုင်းအာဏာပိုင်တွေဟာ “ရောဂါဘေး နည်းပါး” တဲ့ နိုင်ငံ ၆၀ ကျော်က ကာကွယ်ဆေး ထိုးနှံပြီးသူတွေကို ဟိုတယ်ကွာရန်တင်း ဝင်စရာမလိုဘဲ နိုင်ငံထဲ ဝင်ရောက်ခွင့်ပြုပြီး ခရီးသွားလုပ်ငန်းကို အသက်သွင်းဖို့ မီးစိမ်းပြခဲ့တာပဲ ဖြစ်ပါတယ်။ 

ဘန်ကောက်၊ သုဝဏ္ဏဘူမိလေဆိပ်နဲ့ ဖူးခက်က နိုင်ငံတကာဆိုက်ရောက်ရာဆီ တနင်္လာနေ့ နံနက်ပိုင်းမှာ ပထမဆုံးအဖြစ် ခရီးသွားဧည့်သည်တွေကို လက်ခံပြီး ဥရောပက အများစုလာရောက်ကြတဲ့ ဧည့်သည်တွေကို တစ်ကိုယ်ရည် အကာအကွယ်ဝတ်စုံနဲ့ ဝန်ထမ်းတွေကို ကြိုဆိုမှုပြုပြီး မှတ်တမ်းမှတ်ရာတွေကို စစ်ဆေးတာ ဖြစ်ပါတယ်။ 

“အခု ဧည့်သည်တွေကို ပြန်လက်ခံတာဟာ ကြီးမားတဲ့ အားထုတ်မှုနဲ့ ရုန်းကန်ရတာပဲ ဖြစ်ပါတယ်၊ ဒါပေမဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်ကောင်းပြီး ပုံမှန်ဆီ ဦးတည်ပြီလို့ ခံစားရပါတယ်”လို့ ဘန်ကောက်ဆီ မိတ်ဆွေနဲ့အတူ ဝင်ရောက်ခွင့် ရပြီးနောက် အသက် ၂၅ နှစ်အရွယ် ဂျာမနီခရီးသွား မာဆဲလ်ဖလော်ရိန်းက ပြောပါတယ်။ 

ဖူးခက်က အသက် ၆၈ နှစ်ရှိ လင်းတူလေးဆိုသူကလည်း သူနဲ့ ဇနီးဟာ ကပ်ဘေးမတိုင်ခင်ကဆို ထိုင်းကို ပုံမှန်လာနေကြဖြစ်ကြောင်း ပြောပါတယ်။ “ကျွန်တော်တို့ ဥရောပမှာ အေးတယ်၊ ဒါကြောင့် နွေးနွေးထွေးထွေး နေနိုင်မယ့် ဒီကို လာကြတာပဲ”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

“အပြုံးကမ္ဘာမှာ ကျွန်တော်တို့ အပန်းဖြေမယ်၊ ပျော်ရွှင်မယ်”လို့ သူက ဆိုပါတယ်။ 

အခု လာရောက်တဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့ ဆင်းသက်လာချိန်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခံရပြီး အစိုးရ စီစဉ်ပေးတဲ့ ဟိုတယ်မှာ ရလဒ်ထွက်လာတဲ့အထိ စောင့်ပြီးမှ နိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာခွင့်ရတာ ဖြစ်ပါတယ်။ 

နေ့လယ်နှောင်းပိုင်းအထိ သုဝဏ္ဏဘူမိလေဆိပ်မှာ နိုင်ငံခြားသား ဧည့်သည် ၁၅၀၀ နီးပါး လာရောက်ကြောင်း ညွှန်ကြားရေးမှူး ကစ်တစ်ကာချွန်က ပြောပြီး နိုဝင်ဘာ လလယ်လောက်ဆို နိုင်ငံခြားဧည့်သည်ပေါင်း ၁၃၅၄၀၀ အထိ ရရှိမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly