ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ရန် စစ်ကောင်စီကို ဘိုင်ဒင်နှင့် ဝီဒိုဒို တိုက်တွန်း

ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ရန် စစ်ကောင်စီကို ဘိုင်ဒင်နှင့် ဝီဒိုဒို တိုက်တွန်း

နိုဝင်ဘာ ၁

နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ရန် မြန်မာအာဏာသိမ်းစစ်ကောင်စီကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို တို့က နိုဝင်ဘာ ၁ ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ဘိုင်ဒင်နှင့် ဝီဒိုဒို တို့သည် ဂလက်စ်ဂိုးမြို့ COP26 ဥတုရာသီညီလာခံ ဘေးပန်းပြင်ပတွင် သီးခြားတွေ့ဆုံစဉ် အင်ဒို-ပစိဖိတ်ဒေသတွင်း "ပင်လယ်ပြင်များ၏ လွတ်လပ်မှု"  နှင့်ပတ်သက်ပြီး အလေးပေးဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောသည်။ ယင်းသည် တရုတ်၏ တိုးမြှင့်အင်အားပြသမှုအပေါ် ဝေဖန်ရာတွင် ရည်ညွှန်းလေ့ရှိသည့် ဘာသာစကားအသုံးအနှုန်းကို သုံးကာ ပြောသွားခြင်း ဖြစ်သည်။

အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ အမေရိကန်နှင့် အင်ဒိုနီးရှား တို့၏ ခေါင်းဆောင်များသည် မြန်မာအာဏာသိမ်းမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့ကြသလို မြန်မာနိုင်ငံတွင် စစ်တပ်ဘက်က အကြမ်းဖက်မှု ရပ်စဲပြီး နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ကာ ဒီမိုကရေစီလမ်းကြောင်းဆီ အမြန်ဆုံးပြန်သွားနိုင်ရေး ဆောင်ရွက်ရလိမ့်မည်ဟု ခေါင်းဆောင်နှစ်ဦးအကြား သဘောတူခဲ့ကြသည်ဟု သိရသည်။

ထို့ပြင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ သဘောထားရပ်တည်ချက်ကို ထောက်ခံကြောင်း ဘိုင်ဒင်က ပြောခဲ့သည်။ ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဖိတ်ကြားခံရခြင်း မရှိခဲ့ပေ။

အင်ဒိုနီးရှားသည် ဂျီ၂၀ အုပ်စု၏ ဥက္ကဋ္ဌအဖြစ် လာမည့်နှစ်တွင် တာဝန်ယူသွားရရန် ရှိနေချိန် ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ ၊ နိုင်ငံတကာ စည်းမျဉ်း အခြေပြု စနစ်အပေါ် အခိုင်အမာ ထောက်ခံအားပေးသူအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသ၌ အင်ဒိုနီးရှား၏ ဦးဆောင်မှုအတွက် ထောက်ခံကြောင်း ဘိုင်ဒင်က ထုတ်ဖော်သွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required