နိုင်ဂျီးရီးယားမှာ တည်ဆောက်ဆဲ အထပ်မြင့်တိုက် ပြိုကျပြီး လူ ၄ ဦး သေဆုံးကာ ပိတ်မိနေသူများ ရှိ 

နိုင်ဂျီးရီးယားမှာ တည်ဆောက်ဆဲ အထပ်မြင့်တိုက် ပြိုကျပြီး လူ ၄ ဦး သေဆုံးကာ ပိတ်မိနေသူများ ရှိ 

နိုဝင်ဘာ ၁

နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော် လာဂို့စ်မှာ တည်ဆောက်ဆဲ အထပ်မြင့်တိုက်တစ်လုံး တနင်္လာနေ့က ပြိုကျမှုဖြစ်ပြီး လူ လေးဦးသေဆုံးကာ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေ ဒါဇင်များစွာ ရှိနေပါတယ်။ 

လာဂို့စ်မြို့က လူချမ်းသာရပ်ကွက်နဲ့ စီးပွားရေးအချက်အချာ ကျရာ အီကိုယီအရပ်မှာ ၂၁ ထပ် အဆောက်အအုံ ပြိုကျတာဖြစ်ပြီး ရှာဖွေရေးအတွက် ကွန်ဂရစ် အကျိုးအပဲ့တွေကို အဝါရောင် မြေတူးစက်နဲ့ ဖယ်ရှားရှင်းလင်းနေတာကို ဖြစ်ပွားရာမှာ ရှိနေတဲ့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ပါတယ်။ 

အခု တိုက်ပြိုကျချိန်မှာ အလုပ်သမား များစွာ အထဲမှာ ရှိနေတာလို့ ကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပေမယ့် အထဲမှာ လူ ဘယ်နှစ်ယောက်လောက် ပိတ်မိနေတယ်ဆိုတာကိုတော့ အတည်ပြုပြောနိုင်ခြင်း မရှိပါ။ 

အခုထိ လူ လေးဦးကို ကယ်ထုတ်နိုင်ပြီး ရုပ်အလောင်း လေးလောင်းကို ရှာဖွေတွေ့ရှိတယ်လို့ အမျိုးသား အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ NEMA မှ အီဘရာဟင် ဖာရင်လိုယီက ပြောပါတယ်။ 

ညမှောင်တဲ့အထိ ကယ်ဆယ်လုပ်ငန်းတွေ အရှိန်မပြတ် ဆက်လုပ်နေချိန်မှာပဲ လာဂို့စ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဆန်ဝိုအိုလုက စိတ်အေးအေး ထားကြဖို့ ပြောဆိုတိုက်တွန်းပါတယ်။ 

အရေးပေါ်ဌာနတွေ ဖြစ်ပွားရာဆီ ရောက်ရှိနေပြီး အပျက်အစီးတွေအောက်က ရှင်သန်သူတွေကို ကယ်ဆယ်ရေးအတွက် ကြိုးပမ်းနေကြောင်း အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူ အိုမိုတိုဆိုက ထုတ်ပြန်ချက်တစ်ရပ်မှာ ဆိုထားပါတယ်။ 

အဆောက်အအုံ ပြိုကျလာချိန်မှာ မြေညီထပ်မှာ ရှိနေတာကြောင့် လက်မတင်လေး အသက်ဘေးကနေ လွတ်မြောက်ထွက်ပြေးလာခဲ့တာ ဖြစ်တယ်လို့ ပန်းရန်သမားတစ်ဦးဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ဝစ်ဒွန်ဂျွန်က ပြောပါတယ်။ 

“ဒီနေ့မှာ ဒီဆိုက်ထဲ အလုပ်လုပ်နေကြသူ ၅၀ ကျော်ထက်မနည်းရှိတယ်၊ မန်နေဂျာလည်း ရှိနေတာ ဖြစ်တယ်၊ ကျွန်တော်တို့ပဲ ပြေးချိန်ရလိုက်တာပါ”လို့ အရေးပေါ်ကားပေါ် ထိုင်လျက် ကုသမှုခံရင်း သူက ဆိုပါတယ်။ 

အီကိုယီအရပ်ဟာ နိုင်ဂျီးရီးယားရဲ့ လူဦးရေထူထပ်ရာ စီးပွားရေးမြို့တော်ကြီး လာဂို့စ်မြို့က ချမ်းသာပြီး စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေ ပေါများရာ အရပ်ပဲ ဖြစ်ပါတယ်။ 

အာဖရိကရဲ့ လူဦးရေအများဆုံး နိုင်ဂျီးရီးယားမှာ ပစ္စည်းပစ္စယတွေ အရည်အသွေးမမီတာ၊ ပေါ့ဆတာနဲ့ ဆောက်လုပ်ရေးစည်းမျဉ်းတွေ လိုက်နာခြင်း မရှိတာတွေကြောင့် အဆောက်အအုံ ပြိုကျမှုတွေ အဖြစ်များပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly