အိန္ဒိယနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပေါ် ထိပ်တန်းတပ်မှူးများ ဆွေးနွေး

အိန္ဒိယနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပေါ် ထိပ်တန်းတပ်မှူးများ ဆွေးနွေး

အိန္ဒိယနိုင်ငံ၏ ထိပ်တန်းတပ်မှူးများသည် တရုတ်နှင့် နယ်နမိတ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက်ရှိ နိုင်ငံအရှေ့ပိုင်း လာဒက်ခ်ဒေသနှင့် အခြားအရေးကြီးသည့် နေရာများအပါအဝင် နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်ပတ်သက်၍ အောက်တိုဘာ ၂၆ ရက်နေ့က စတင်သည့် ၄ ရက်ကြာ အစည်းအဝေးတွင် အသေးစိတ် သုံးသပ်မှုများကို ပြုလုပ်ခဲ့ကြကြောင်း အဆိုပါဖြစ်စဉ်နှင့် နီးစပ်သူများက ပြောကြားသည်။

လွန်ခဲ့သော သီတင်းပတ်များအတွင်း ဂျမူးနှင့် ကက်ရှ်မီးယားပြည်ထောင်စုနယ်မြေ၌ အရပ်သားများ တိုက်ခိုက်ခံရမှု မြင့်တက်လာခြင်းနှင့် ပတ်သက်သည့် လုံခြုံရေးအခြေအနေများကိုလည်း အလေးထား ဆွေးနွေးခဲ့ကြသည်။

မြို့တော် နယူးဒေလီ၌ ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲကို ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး အမ်အမ်နာရာဗန်နီးက ဦးဆောင်ကျင်းပခဲ့သည်။

အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များအကြား ၁၇ လကြာ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားနေသည့် နိုင်ငံအရှေ့ပိုင်းလာဒက်တွင် နှစ်ဖက်စလုံးက တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားသော်လည်း အိန္ဒိယနိုင်ငံ၏ စစ်ရေးအရသင့်ရှိနေမှုများကို ထိပ်တန်းတပ်မှူးများက သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အင်အား ၁ ဒသမ ၂ သန်းရှိသည့် အိန္ဒိယစစ်တပ်၏ လူသားရင်းမြစ်ကိစ္စရပ်များ၊ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ သိရှိသူများက ပြောကြားသည်။

အဆိုပါ အစည်းအဝေးသည် အိန္္ဒိယစစ်တပ်အတွက် အရေးကြီးသော မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် သက်ဆိုင်ရာ အကြီးအကဲများပါဝင်၍ စနစ်တကျသုံးသပ် ဆွေးနွေးကြခြင်းဖြစ်သ်။

ကြည်းတပ်ဗိုလ်ချုပ်ကြီး ဘီပင်ရာဝတ်၊ ရေတပ်ဗိုလ်ချုပ်ကြီး ကာရမ်ဘာဆင်းနှင့် လေတပ်ဗိုလ်ချုပ်ကြီး ဗွီအာရ်ချူဒရီတို့ကလည်း ကြည်း၊ရေ၊လေ ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်နိုင်စွမ်း တိုးတက်ရေးအတွက်လည်း အစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly