အာဆီယံ-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် မိုဒီ အွန်လိုင်းမှ တက်ရောက်

အာဆီယံ-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် မိုဒီ အွန်လိုင်းမှ တက်ရောက်

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ၁၈ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲသို့ အောက်တိုဘာ ၂၈ ရက်တွင် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါအခြေအနေ၊ ကာကွယ်ဆေး မဟာဗျူဟာနှင့် တရုတ်နှင့် ဆက်ဆံရေးအခြေအနေအပါအဝင် အရေးကြီး အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့သည်။

“မိမိတို့ ဆက်ဆံရေးဟာ ၂၀၂၂ ခုနှစ်မှာဆိုင်ရင် နှစ် ၃၀ ပြည့်ပါပြီး။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတာလည်း ၇၅ နှစ်ရှိပါပြီ။ အာဆီယံ-အိန္ဒိယ မိတ်ဖက်ဆက်ဆံရေးနှစ်အဖြစ် အရေးကြီးမှတ်တိုင်တစ်ခုကို ကျင်းပနိုင်တော့မယ့်အပေါ် ဝမ်းမြောက်မိပါတယ်” ဟု မိုဒီက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ကျွန်တော်တို့အားလုံး အခက်အခဲတွေ အများကြီး ကြုံတွေ့ရပါတယ်။ ဒီအခက်အခဲကာလဟာ အာဆီယံ-အိန္ဒိယ ဆက်ဆံရေးကို စမ်းသပ်တဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ ကျွန်တော်တို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဟာ အနာဂတ်မှာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပိုမိုအားကောင်းစေမှာဖြစ်သလို ကျွန်တော်တို့ ပြည်သူများအကြား ခင်မင်ရင်းနှီးမှုကို အခြေခံတွေ ရရှိစေမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီက ထည့်သွင်း ပြောကြားသည်။

အာဆီယံနှင့် ညီညွတ်မှု၊ အလေးထားမှုတို့သည် အိန္ဒိယ၏ ဦးစားပေးမူဝါဒဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“အာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယတို့အကြား နှစ်ထောင်ပေါင်းများစွာကတည်းက တက်ကြွတဲ့ ဆက်ဆံရေးရှိခဲ့တယ် ဆိုတာ သမိုင်း သက်သေရှိပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှု၊ ထုံးတမ်းစဉ်လာ၊ ဘာသာစကား၊ စာပေ၊ ဗိသုကာနဲ့ အစားအစာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် အာဆီယံနှင့် ညီညွတ်မှု၊ အလေးထားမှုတို့ဟာ အိန္ဒိယရဲ့ ဦးစားပေးမူဝါဒဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

စတင်ဖွဲ့စည်းချိန်မှစ၍ အာဆီယံသည် အရှေ့အာရှ၏ မဟာဗျူဟာနှင့် ပထဝီနိုင်ငံရေး တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တွင် အဓိကနေရာမှ ရှိခဲ့သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ အရှေ့ပိုင်းဆိုင်ရာ အတွင်းဝန် ရီဗာဂန်ဂူလီက “အင်ဒို-ပစိဖိတ်ဒေသအတွက် အာဆီယံအပေါ် အိန္ဒိယရဲ့ အလေးထားမှုကို ဝန်ကြီးချုပ်မိုဒီက အဓိက ပြောကြားခဲ့ပါတယ်။ အာဆီယံနဲ့ မိတ်ဖက် ဆက်ဆံရေးဟာ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒမှာ အရေးကြီးကြောင်းလည်း သူက မှတ်ချက်ပြုပါတယ်” ဟု ပြောကြားသည်။

နှစ်စဉ်ကျင်းပလေ့ရှိသည့် အာဆီယံ-အိန္ဒိယ ဆွေးနွေးပွဲများတွင် အိန္ဒိယနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးရန် အခွင့်အလမ်း ရရှိစေသည်။

ဝန်ကြီးချုပ်မိုဒီသည် ယမန်နှစ် နိုဝင်ဘာလက ကျင်းပခဲ့သည့် ၁၇ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲကိုလည်း ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် အွန်လိုင်းမှပင် တက်ရောက်ခဲ့သည်။ ယခုနှစ် ဆွေးနွေးပွဲသည် ၎င်းအနေဖြင့် ၉ ကြိမ်မြောက် တက်ရောက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly