အိန္ဒိယရေတပ်သင်္ဘော ၆ စင်း ပူးတွဲစစ်ရေးလေ့ကျင့်ရန် သီရိလင်္ကာသို့ ရောက်ရှိ

By NDTV
01 November 2021
အိန္ဒိယရေတပ်သင်္ဘော ၆ စင်း ပူးတွဲစစ်ရေးလေ့ကျင့်ရန် သီရိလင်္ကာသို့ ရောက်ရှိ

အိန္ဒိယရေတပ်၏ လေ့ကျင့်ရေးတပ်ဖွဲ့မှ စစ်သင်္ဘော ၆ စင်းသည် သီရိလင်္ကာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ၄ ရက်ကြာခရီး ရောက်ရှိခဲ့သည်။

ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန်နှင့် စစ်တပ် ၂ တပ်အကြား သတင်းအချက် အလက်ဖလှယ်ရေး ပိုမိုကောင်းမွန်စေရန် ယခုခရီးစဉ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကိုလံဘိုနှင့် ထရင်ကိုမာလေး ဆိပ်ကမ်းများသို့ အောက်တိုဘာ ၂၄ ရက်က ရောက်ရှိလာသော အဆိုပါ စစ်သင်္ဘောများသည် သီရိလင်္ကာစစ်သင်္ဘောများနှင့် စစ်ရေးလေ့ကျင့်မှုများကို ပူးပေါင်း လုပ်ဆောင်မည်ဖြစ်သည်။

“ယခုခရီးစဉ်သည် ၂ နိုင်ငံအကြား ဆက်ဆံရေးသမိုင်းတွင် အထင်ကရမှတ်တမ်းတစ်ခု ဖြစ်ပြီး အိန္ဒယရေတပ်သင်္ဘောအများအပြား သီရိလင်္ကာသို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ကြောင်း အိန္ဒိယကော်မရှင်နာအရာရှိရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ရေးလေ့ကျင့်မှုသည် အိန္ဒိယနှင့် သီရိလင်္ကာတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် အင်အားအကောင်းဆုံးနှင့် အခိုင်မာဆုံး ထောက်တိုင်များဖြစ်ပြီး ယခုခရီးစဉ်သည် နောက်ထပ်ခရီးစဉ်များအတွက် ပံ့ပိုးမှု ဖြစ်စေနိုင်သည်။ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် သမ္မတဂိုတာဘယာရာဂျပက်ဆာတို့၏ ရည်မှန်းချက်ဖြစ်သော ၂ နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေး တိုးတက်စေရန် ၂ နိုင်ငံ စစ်ဘက်အရာရှိများအကြား လက်ရှိ ရဲဘော်ရဲဘက် မိတ်ဆွေစိတ်ကို ပိုမို အားကောင်းလာစေမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုခရီးစဉ်သည် လူငယ်အရာရှိများနှင့် အရာရှိသင်တန်းသားများအတွက် အိန္ဒိယသမုဒ္ဒရာဒေသအတွင်းရှိ အခြားနိုင်ငံများ၏ လူမှု-နိုင်ငံရေးနှင့် ပင်လယ်ရေကြောင်းကိစ္စရပ်များတွင် အတွေ့အကြုံရရိစေရန် ဖြစ်သည်။

တရုတ်နိုင်ငံက သီရိလင်္ကာနိုင်ငံတွင် ပိုမိုခြေကုပ်ယူလာပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်လုပ်ဆောင်‌နေချိန်တွင် အိန္ဒိယရေတပ်သင်္ဘော ၆စင်း သီရိလင်္ကာသို့ လာရောက်ခြင်း ဖြစ်သည်။

သီရိလင်္ကာနိုင်ငံသည် တရုတ်၏ ရည်မှန်းချက်ကြီးမားသော ကမ္ဘာ့အဆင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး မဟာဗျူဟာ ဖြစ်သည့် ခါးပတ်လမ်းမအစီအစဉ်တွင် အရေးကြီးသည့် အစိတ်အပိုင်းမှ ပါဝင်နိုင်ဖွယ်ရှိသည်။

ယခုလာရောက်သည့် သင်္ဘောများသည် အိန္ဒိယရေတပ်၏ လေ့ကျင့်ရေးတပ်ရင်း (SNC ) ဖြစ်သော တောင်ပိုင်းရေတပ်လေ့ကျင့်ရေးတပ်မှ ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး အေကေ ချာဝါလာက ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယရေတပ်သည် နိုင်ငံတကာမှ သင်တန်းသားများကို နှစ် ၄၀ ကျော် သင်တန်းများပေးပြီး ဖြစ်ရာ သီရိလင်္ကာမှ အရာရှိများနှင့် သင်္ဘောသားအများအပြားသည်အခြေခံမှ အဆင့်မြင့်အထိ သင်တန်းများကို SNC တွင် တက်ရောက်ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly