အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံသူအရေအတွက် သန်း၅၀ ကျော်သို့ ရောက်ရှိ

အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံသူအရေအတွက် သန်း၅၀ ကျော်သို့ ရောက်ရှိ

အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူ အရေအတွက်သည် သန်း ၅၀ ကျော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နို်ငငံ၏ ထိပ်တန်းစတော့အိတ်ချိန်းကုမ္ပဏီဖြစ်သည့် National Stock Exchange (NSE) က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံသူများအရေအတွက်သည် နိုင်ငံတွင်း အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေကြေး သက်သေခံလက်မှတ် (Demat) အကောင့်ဖွင့်ထားသူများနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်း လျော့နည်းသည်။ အဘယ့်ကြောင့်ဆိုသော် ရင်းနှီးမြှုပ်နှံသူ အများအပြားသည် Demat နှင့် ကုန်သွယ်မှု ငွေစာရင်းများကို အခြားငွေကြေးလုပ်ငန်းများတွင်လည်း ဖွင့်ထားကြသည်။ ငွေကြေးအပ်နှံမှု လက်ခံသော အဓိက လုပ်ငန်းကြီးများဖြစ်သည့် CDSL နှင့် NSDL တို့တွင် ဖွင့်ထားသည့် Demat အကောင့် စုစုပေါင်းသည် စက်တင်ဘာလကုန်က ၇၀ ဒသမ ၂ သန်းအထိ ရှိခဲ့သည်။

အဆိုပါ အကောင့်အရေအတွက်သည် ယခုနှစ်တွင် ၄၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ဒသမ ၄ သန်းခန့် မြင့်တက်ခဲ့ရာတွင် အကောင့်ပိုင်ရှင်များသည် ပထမဆုံးစတင်ရင်းနှီးမြှုပ်နှံသူများ ဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူများ အကောင့်အရေအတွက် သိသာစွာ မြင့်တက်လာရခြင်းသည် စတော့ ဈေးကွက်မြင့်တက်လာခြင်း၊ အကောင့်ဖွင့်ရန် လွယ်ကူလာခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်တွင် အဝေးမှ အလုပ်လုပ်ကိုင်သည့်ပုံစံသို့ ပြောင်းလဲလိုက်ခြင်းတို့ကြောင့် ဖြစ်သည်။ ငွေကြေးလုပ်ငန်းမျာက အကောင့်ဖွင့်သည့်စရိတ် မကောက်ခံတော့ခြင်းနှင့် လက်ဆောင်ကူပွန်များ ပေးခြင်းဖြင့် ဖောက်သည်များကို စွဲဆောင်ခြင်းတို့ကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများက အကောင့်တစ်ခုထက်ပို၍ ဖွင့်ကြခြင်း ဖြစ်သည်။

“အောက်တိုဘာ ၂၅ ရက်က NSE မှာ စာရင်းသွင်း အကောင့်ဖွင့်ထားတဲ့ ရင်းနှီးမြှုပ်နှံသူ အရေအတွက် သန်း ၅၀ ကျော်ခဲ့ပါတယ်။ သန်း၃၀ နဲ့ သန်း ၄၀ ကြားမှာ ၁၅ လပဲ ကြာခဲ့ပြီး နောက်ထပ် ၁၀ သန်းကတော့ ၇ လတောင် မကြာခဲ့ပါဘူး။ အိတ်ချိန်းမှာ မှတ်ပုံတင်ထားတဲ့ ဖောက်သည်တွေရဲ့ ကုဒ်နံပါတ် စုစုပေါင်းဟာ ၈၈ ဒသမ ၆ သန်း ရှိသွားပြီ (ဖောက်သည်တစ်ဦးသည် ကုန်သွယ်ရေးအဖွဲ့ဝင်အဖြစ် တစ်ကြိမ်မက စာရင်းသွင်းနိုင်သည်)” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိသည့် အိန္ဒိယနိုင်ငံတွင် စတော့ရှယ်ယာဈေးကွက်သည် လူဦးရေစုစုပေါင်း၏ ၄ရာခိုင်နှုန်းသို့သာ ရောက်ရှိသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly