အမေရိကန်ငွေကြေးအဖွဲ့အစည်းနှင့် အိန္ဒိယ ဇီဝဆေးဝါးထုတ်လုပ်မှုကုမ္ပဏီတို့ ကာကွယ်ဆေး ထုတ်လုပ်မှု တိုးမြှင့်လုပ်ဆောင်မည်

အမေရိကန်ငွေကြေးအဖွဲ့အစည်းနှင့် အိန္ဒိယ ဇီဝဆေးဝါးထုတ်လုပ်မှုကုမ္ပဏီတို့ ကာကွယ်ဆေး ထုတ်လုပ်မှု တိုးမြှင့်လုပ်ဆောင်မည်

အ‌မေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာငွေကြေးကော်ပိုရေးရှင်း (DFC) နှင့် အိန္ဒိယနိုင်ငံ Biological E. Limited တို့က Quad အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ၏ အစီအစဉ်ကို အကောင်အထည်ဖော်သည့် အနေဖြင့် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘက်မြို့တွင် Biological E ၏ ကာကွယ်ဆေး ထုတ်လုပ်သည့် စက်ရုံအား တိုးချဲ့သွားမည်ဟု အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်လိုက်သည်။

အိန္ဒိယနိုင်ငံ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ကုမ္ပဏီက ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှုကို တိုးချဲ့ရန် ဒေါ်လာသန်း ၅၀ သုံးစွဲသွားမည်ဟုတ် ဖော်ပြထားသည်။

ယခုအစီအစဉ်သည် လတ်တလောကာလအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဆောင်ရွက်ချက်ဖြစ်သလို အိန္ဒိယနှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း ရေရှည်ကမ္ဘာ့ကျန်းမာရေးကဏ္ဍအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးမှုဆိုင်ရာငွေကြေးကော်ပိုရေးရှင်း (DFC) အရာရှိချုပ် ဒေးဗစ်မာချစ်က “Biological E နဲ့ မိတ်ဖက်ပူးပေါင်းခြင်းကြောင့် အိန္ဒိယနဲ့ ကမ္ဘာပေါ်က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ၂၀၂၂ ခုနှစ် မကျော်လွန်မီမှာ ကာကွယ်ဆေး သန်း ၁ ထောင်ကျော် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အိန္ဒိယနိုင်ငံ Biological E. Limited ၏ အုပ်ချုပ်မှုဒါရိုက်တာ မဟီမာဒတ်တလာက ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက Quad ထိပ်သီးအစည်းအဝေးတွင် ကြေညာထားခဲ့သည့် အမေရိကန်အစိုးရမှ ငွေကြေးပံ့ပိုးမှုအတွက် များစွာ ကျေနပ်မိကြောင်း ပြောကြားသည်။

“ဒီရင်းနှီးမြှုပ်နှံမှုက ကိုဗစ်-၁၉ ကာကွယ်ဆေး ပိုမိုထုတ်လုပ်နိုင်စေမှာဖြစ်တဲ့အပြင် ကပ်ရောဂါနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကမ္ဘာပေါ်က လူတွေအတွက်လည်း အကူအညီရရှိစေမှာဖြစ်ပါတယ်” ဟု ဒတ်တလာက ပြောကြားသည်။

အိန္ဒိယဆေးဝါးကုမ္ပဏီတွင် DFC ၏ ရင်းနှီးမြှပ်နှံမှုသည် အဆိုပါ အေဂျင်စီ၏ ကမ္ဘာ့ကျန်းမာရေးနှင့် ကြွယ်ဝချမ်းသာရေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် ကမ္ဘာ့နိုင်ငံများ၏ ထိန်းချုပ်မှုကို ပံ့ပိုးပေးသည့်အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရန် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly