အကြမ်းဖက်ဝါဒကို နှိမ်နှင်းရမည်ဟု အိန္ဒိယနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ပြောကြား

အကြမ်းဖက်ဝါဒကို နှိမ်နှင်းရမည်ဟု အိန္ဒိယနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ပြောကြား

အကြမ်ဖက်နှင့် အစွန်းရောက်ဝါဒများကို နှိမ်နှင်းတိုက်ခိုက်ရာတွင် အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း အသစ်ခန့်အပ်လိုက်သည့် အိန္ဒိယနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး နာအော်ဂီလန်က ANI သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

အစ္စရေးအနေဖြင့် အိန္ဒိယကဲ့သို့ပင် အကြမ်းဖက်သမားတို့၏ အန္တရာယ်ကို ရင်ဆိုင်နေရကြောင်းနှင့် ၎င်းတို့ကို တိုက်ခိုက်သည့် စွမ်းရည်နှင့် အတွေ့အကြုံများကို မျှဝေပေးနေကြောင်း သံအမတ်ကြီးက ပြောကြားသည်။

“အကြမ်းဖက်ဝါဒဟာ မိမိတို့ဒေသအပြင် ကမ္ဘာကိုလည်း ထိခိုက်စေသလို အစွန်းရောက်ဝါဒဟာလည်း ဆိုးရွားပါတယ်။ အစ္စရေးဟာ အိန္ဒိယလိုပဲ ဒီအန္တရာယ်နဲ့ ကြုံတွေ့နေပါတယ်။ ကျွန်တော်အနေနဲ့ အကြမ်းဖက်ဝါဒကို တိုက်ခိုက်ဖို့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ချက်တွေကို ရှာဖွေထားပြီး အိန္ဒိယအပါအဝင် အခြားနိုင်ငံတွေနဲ့ ဖလှယ်နေသလို အတူတကွ ဆောင်ရွက်နေပါတယ်။ အကြမ်းဖက်ဝါဒကို ပျောက်ကွယ်သွားအောင် ကျွန်တော်တို့ လုပ်ဆောင်ရပါမယ်။ လူတွေ တစ်ယောက်နဲ့တစ်ယောက် မသတ်ကြဖို့ အချင်းချင်း ပြောကြရပါမယ်” ဟု လည်း ၎င်းက ပြောကြားသည်။

အိရန်သည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ အစ္စရေးသို့ အောက်တိုဘာလအစောပိုင်းတွင် လာရောက်စဉ်ကလည်း ယင်းကိစ္စကို ဆွေးနွေးခဲ့ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

အိန္ဒိယသည် အီရန်နှင့် ဆက်ဆံရေးကောင်းမွန်သလို ၂ နှစ်နိုင်ငံစလုံးကလည်း ဒေသတွင်း အကျိုးစီးပွား အထူးသဖြင့် အာဖဂန်နစ္စတန်အရေးတွင် သက်ဆိုင်နေသည်။ မဟာဗျူဟာကျသည့် ချာဘာဟာဆိပ်ကမ်းကို အိန္ဒိယက အီရန်တွင် တည်ဆောက်ထားသည်။ မိတ်ဆွေ ၂ နိုင်ငံအကြား မတူညီသည့် အယူအဆများလည်း ရှိနိုင်ကြောင်းလည်း သံအမတ်ကြီးက ပြောကြားသည်။

အိန္ဒိယ၊ အစ္စရေး၊ အမေရိကန်နှင့် ယူအေအီးတို့အကြား မကြာသေးမီက ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် စစ်ရေးကိစ္စမဟုတ်ဘဲ အခြေခံအဆောက်အအုံကိစ္စသက်သက်သာဖြစ်ကြောင်းလည်း သံအမတ်ကြီး နာအော်ဂီလန်က ပြောကြားခဲ့သည်။

“ဒီ ၄ နိုင်ငံအဖွဲ့ဟာ စီးပွားရေးအတွက်နဲ့ ဒေသအတွက် ပိုမိုကောင်းမွန်စေဖို့ စီးပွားရေး အခြေခံအဖွဲ့ဖြစ်ပါတယ်။ အထွေထွေ ပူးပေါင်းဆောင်ရွက်ရေးအတွက်ပါ။ စစ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ မဟုတ်ပေမယ့် အပြန်အလှန် အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြမှာပါ” ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly