တော်ဝင်အသရေဖျက်မှုဥပဒေ ရုပ်သိမ်းရေး ဘန်ကောက်မှာ လူထောင်ချီ စုဝေးပြီး ဆန္ဒပြတောင်းဆို

တော်ဝင်အသရေဖျက်မှုဥပဒေ ရုပ်သိမ်းရေး ဘန်ကောက်မှာ လူထောင်ချီ စုဝေးပြီး ဆန္ဒပြတောင်းဆို

နိုဝင်ဘာ ၁

ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကို အသရေဖျက်မှု ဥပဒေ (lese-majeste law) ကို ရုပ်သိမ်းရေးအတွက် ယမန်နေ့ အောက်တိုဘာ ၃၁ ရက် ဘန်ကောက်မြို့ထဲမှာ ဆန္ဒပြသူထောင်ချီ စုဝေး တောင်းဆိုခဲ့ကြပါတယ်။

ယမန်နှစ်က ယင်းနိုင်ငံမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုလှုပ်ရှားမှုတွေ အထွတ်အထိပ် ရောက်ခဲ့ပြီး ယင်းနောက် လူသိများတဲ့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေ အဆိုပါ တော်ဝင်မိသားစု အသရေဖျက်မှု ဥပဒေအောက်မှာ တရားစွဲဆိုခံရမှုတွေ ရှိခဲ့ပါတယ်။

"လူငယ်မျိုးဆက်အနေနဲ့ သူတို့ရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ပိုင်ခွင့် ရှိပါတယ်၊ ကျွန်မတို့ဟာ နိုင်ငံကို ရှေ့ဆက် တက်လှမ်းပြီး တိုးတက်စေချင်တယ်ဆိုရင် ဒါက အင်မတန် အရေးကြီးပါတယ်၊ ဒါပေမယ့် လူကြီးတွေက သူတို့ကို ဒီ တော်ဝင်အသရေဖျက်မှု ဥပဒေနဲ့ အပြစ်ပေးနေပါတယ်၊ ဒီတော့ အရည်အချင်းရှိသူတွေဟာ နိုင်ငံကို ကျရှုံးစေလျက်သား ဒီတိုင်း ရှိနေစေချိန်မှာ သူတို့ဟာ လူကြီးတွေကို နားထောင်ကြမှာ မဟုတ်တော့ပါဘူး" လို့ lese-majeste law အောက်မှာ ထောင်ဒဏ်ကျခံနေရတဲ့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပရာဝစ် ချီရာဝက်ရဲ့ မိခင် ဆူရီရတ် ချီရာဝက်က ပြောပါတယ်။

"ဒီ တော်ဝင်အသရေဖျက်မှုဥပဒေ ရုပ်သိမ်းရေး တောင်းဆိုတဲ့ လျှောက်လွှာမှာ လူတွေအများကြီး လာပြီး လက်မှတ်ထိုးကြမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ အသိပညာတွေ ဖြန့်ကြမယ်လို့ မျှော်လင့်ပါတယ်၊ မနက်ဖြန်ကျရင် ကျွန်မတို့ Change.org ကနေ လက်မှတ်တွေ စုဆောင်းသွားပါမယ်၊ အော့ဖ်လိုင်း လက်မှတ်တွေလည်း စုသွားပါမယ်၊ ပြီးရင် ပရာယွတ်ချန်အိုချာဆီ လွှဲပြောင်းပေးပါမယ်" လို့ Amnesty International Thailand ၏ ကမ်ပိန်းအကြီးအကဲ ပီချာရတ် ဆက်ဆီရီဗက်ဂျူက ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တွေက ဒီနေ့အချိန်အထိ သူတို့နဲ့ အမြင်သဘောကွဲသူတွေနဲ့ လူငယ်မျိုးဆက်အပေါ် ပြစ်ဒဏ်ခတ်ဖို့ ဒီ တော်ဝင်အသရေဖျက်မှု ဥပဒေကို လက်နက်တစ်ခုလို သုံးနေခဲ့ပါတယ်၊ သူတို့ဟာ ကလေးတွေကို ထောင်ချဖို့ ဒီဥပဒေကို သုံးနေဆဲပါ" လို့လည်း ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတစ်ဦး ဖြစ်တဲ့ ရုပ်သေးအမျိုးသားလို့ နာမည်တု သုံးထားတဲ့ အမျိုးသားတစ်ဦးက ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly