စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးအရေးယူရန် အမေရိကန်နိုင်ငံခြားရေးဌာနပြော

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးအရေးယူရန် အမေရိကန်နိုင်ငံခြားရေးဌာနပြော

နိုဝင်ဘာ ၁

မြန်မာ့လုံခြုံရေးတပ်ဖွဲ့၏ ကမ်းကုန်အောင် ရိုင်းစိုင်းနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမြန်ဆုံးအရေးယူရန်လိုအပ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ပြောကြားသည်။

ချင်းပြည်နယ်အတွင်း မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး နက်ပရိုက်စ်က ပြောကြားခဲ့သည်ဟု အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

ခရစ်ယာန် ဘုရားကျောင်းများနှင့် အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ချင်းပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်သော ကမ်းကုန်အောင် ရိုင်းစိုင်းသည့် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်အမင်းစိုးရိမ်မိသည်ဟု နက်ပရိုက်စ်က ဆိုသည်။

"ပြည်သူလူထု၊ ပြည်သူလူထု၏ အိုးအိမ်များ၊ ဝတ်ပြုဆုတောင်းရာ နေရာများကို ရက်ရက်စက်စက် လုပ်ပြသည့်လုပ်ရပ်ဖြင့် မြန်မာပြည်သူလူထု၏ အသက်များနှင့် လူမှုဘဝဖူလုံရေးကို လုံးဝဂရုမစိုက်ကြောင်း ထုတ်ဖော်ပြသလိုက်သည့် စစ်အာဏာရှင်၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပါသည်" ဟု နက်ပရိုက်စ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်ဆုပ်ရွံရှာဖွယ် တိုက်ခိုက်မှုများက နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် စစ်တပ်ကို လက်နက်များ လွှဲပြောင်းပေးနေမှု ပိတ်ပင်တားဆီးခြင်း အပါအဝင် ကမ်းကုန်အောင်ရိုင်းစိုင်းသည့် လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အမြန်ဆုံးအရေးယူရန် လိုအပ်နေသည်ကို မီးမောင်းထိုးပြနေသည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ယင်းကြောင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို အားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေး ပြန်လည်ဖော်ဆောင်ရန်အတွက် စစ်အာဏာရှင်ကို တောင်းဆိုသည်ဟု အမေရိကန်က ဆိုသည်။

စစ်အာဏာရှင်က လူထုအပေါ် ကျူးလွန်ခဲ့သည့်၊ ဆက်လက်ကျူးလွန်နေသည့် ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ဖော်ဆောင်ရေးနှင့် အကြပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်နေကြသူအားလုံးကို မိမိတို့ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required