ဘရာဇီးမှာ လိုဏ်ဂူပြိုကျမှုကြောင့် မီးသတ်သမား ၉ ဦး သေဆုံး

ဘရာဇီးမှာ လိုဏ်ဂူပြိုကျမှုကြောင့် မီးသတ်သမား ၉ ဦး သေဆုံး
Photo - AFP

နိုဝင်ဘာ ၁

ဘရာဇီးနိုင်ငံမှာ လိုဏ်ဂူတစ်ခုပြိုကျမှုကြောင့် မီးသတ်သမား ကိုးဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။ အဆိုပါ မီးသတ်သမားတွေဟာ လိုဏ်ဂူအတွင်းထဲမှာ လေ့ကျင့်မှုတွေ လုပ်နေခဲ့ချိန် လိုဏ်ဂူအမိုးပြိုကျမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်တီနိုပိုလစ်မြို့အနီး လိုဏ်ဂူတစ်ခုထဲမှာ မီးသတ်သမား ၂၆ ဦးပါ အဖွဲ့တစ်ဖွဲ့က လေ့ကျင့်မှု အစီအစဉ်တစ်ခုကို လုပ်နေခဲ့ချိန် မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဆော်ပေါ်လို မီးသတ်ဌာနက တွစ်တာမှာ ရေးပါတယ်။

"လူ ကိုးဦး သေပြီး တစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်၊ အဲဒီနေရာမှာ နောက်ထပ် သေဆုံးဒဏ်ရာရသူတော့ မရှိတော့ပါဘူး" လို့ ယင်းက ပြောထားပါတယ်။

အစောပိုင်းတုန်းက လူသုံးဦး သေဆုံးပြီး ခြောက်ဦး ပျောက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့တာ ဖြစ်ပါတယ်။ သေဆုံးဒဏ်ရာရသူတွေ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ မထုတ်ဖော်ခဲ့ပါဘူး။

ယင်းမတိုင်မီ အယ်လ်တီနိုပိုလစ် မြို့တော်ဝန်ရုံးက ကနဦး ထုတ်ပြန်မှုတစ်ခုအရ မီးသတ်သမား ၁၅ ဦး ပိတ်မိနေဆဲ ဖြစ်ကြောင်းနဲ့ ကယ်ဆယ်ခံခဲ့ရသူ သုံးဦးဟာ အရိုးကျိုးတာတွေ၊ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းတာတွေ ခံစားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

စုစုပေါင်း လူငါးဦးကို ပြည်တွင်းဆေးရုံတစ်ရုံဆီ ပို့ခဲ့ပြီး ယင်းနောက် ဆေးရုံကနေ ပြန်ဆင်းသွားကြပြီ ဖြစ်တယ်လို့ မြို့တော်ဝန်ရုံးက ပြောခဲ့ပါတယ်။

ယမန်နေ့က လိုဏ်ဂူထဲ ပိတ်မိနေသူတွေကို ကယ်ဖို့ အားထုတ်မှုမှာ မီးသတ်သမားတွေနဲ့အတူ ရဲတွေ၊ အရေးပေါ်ကျန်းမာရေးအဖွဲ့တွေ ဝိုင်းဝန်းပူးပေါင်းခဲ့ကြပြီး မိုးသည်းထန်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် အဟန့်အတားဖြစ်စေခဲပါတယ်။

အဆိုပါ ဝေးလံတဲ့ နေရာကို သွားရောက်နိုင်ဖို့ကလည်း ခက်ခဲခဲ့ပြီး နောက်ထပ်ပြိုကျမှုတွေ ဖြစ်နိုင်တဲ့ အခြေအနေတွေကြောင့် ကယ်ဆယ်ရေးအားထုတ်မှုတွေကို ရှုပ်ထွေးနှောင့်နှေးစေခဲ့ပါတယ်။

ဆော်ပေါ်လို အုပ်ချုပ်ရေးမှူး ဂျောင် ဒိုရီယာက ၎င်းအနေနဲ့ ကယ်ဆယ်မှုအတွက် လိုအပ်တဲ့ အထောက်အပံ့၊ အရင်းအမြစ်အားလုံး ပံ့ပိုးပေးမယ်လို့ ပြောခဲ့ပါတယ်။

လိုဏ်ဂူတွင်း လေ့ကျင့်မှု အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဆရာတစ်ဦးရဲ့ မိခင်ဖြစ်သူ ခရစ္စတီးနား ထရီဖိုနီက ပြောကြားရာမှာ အဆိုပါ အုပ်စုဟာ ဂူထဲမှာ ညအိပ်ကုန်ဆုံးဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ ဝင်သွားတဲ့ လိုဏ်ဂူရဲ့ ဝင်ပေါက်က ပြိုကျသွားတာပါ၊ ခုချိန်မှာ ကျွန်မ ရူးမတတ်အောင် ခံစားနေရပါတယ်" ဟု သူမက ပြောသွားခဲ့ပါတယ်။

အယ်လ်တီနိုပိုလစ်မြို့ကတော့ လိုဏ်ဂူတွေကြောင့် လူသိများပြီး ယင်းက ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အဓိက ခရီးသွားနေရာတစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly