တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရန်လိုမှုအပေါ် ပြင်းထန်သော တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရ

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရန်လိုမှုအပေါ် ပြင်းထန်သော တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရ

တောင်တရုတ်ပင်လယ် ဒေသတွင် တရုတ်၏ အဆက်မပြတ်ကျူးကျော်မှုများကြောင့် တင်းမာမှုများ ပိုမိုဆိုးရွားလာသလို အမေရိကန်နှင့် အခြားသော ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ပြန်လှန်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

အိန္ဒိယနှင့် သြစတြေးလျအပြင် ဥရောပအင်အားကြီးနိုင်ငံများသည် တောင်တရုတ်ပင်လယ်အား ကုန်သွယ်ရေးအတွက် အဓိကကျသော ကမ္ဘာ့တံခါးပေါက်အဖြစ်အသုံးပြုသည့် တရုတ်၏ ရန်လိုသောမူဝါဒများ၏ သက်ရောက်မှုကိုလည်း စိုးရိမ်နေကြသည်။

အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နှင့် စည်းမျဉ်းများအခြေခံစနစ်လိုအပ်မှုသည် အိန္ဒိယနှင့် အခြားသော စိတ်တူကိုယ်တူ အင်အားကြီးနိုင်ငံများမှ လိုက်နာဆောင်ရွက်နေသည့် အခြေခံမူများဖြစ်သည်။

၁၆ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သည့် အင်ဒို-ပစိဖိတ်ဒေသ၏ အရေးပါမှုအပေါ် အလေးထားပြောကြားခဲ့သည်။

အိန္ဒိယ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်နှင့် အကြမ်းဖက်မှုအပါအဝင် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဘုံအကျိုးစီးပွားနှင့်စိုးရိမ်ပူပန်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတကာဥပဒေ အထူးသဖြင့် ကုလသမဂ္ဂပင်လယ်ရေကြောင်းဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS) ကို လိုက်နာစောင့်ထိန်းခြင်းဖြင့် ဒေသတွင်း စည်းမျဉ်းအခြေပြုစနစ်များကို မြှင့်တင်ရန် အရေးကြီးကြောင်း နှစ်ဖက်စလုံးမှ မှတ်ချက်ပြုခဲ့ကြသည်။

တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘေးကင်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းမြှင့်တင်ရေးနှင့် ရေကြောင်းသွားလာမှုနှင့် ပျံသန်းမှုဆိုင်ရာ လွတ်လပ်ခွင့်ရှိစေရေးတို့၏ အရေးပါမှုကို ခေါင်းဆောင်များက အတည်ပြုခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပင်လယ်ပြင်လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအရေးတို့ကို အကာအကွယ်ပေးရာတွင် အရှေ့တောင်အာရှနိုင်ငံများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်အပေါ် တရုတ်၏ လုပ်ရပ်သည် အကျပ်ကိုင်မှုဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း အောက်တိုဘာ ၂၇ က ပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်တက်ရောက်ခဲ့သော အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် အမေရိကန်သည် ဒေသတွင်းစီးပွားရေးမူဘောင်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အင်ဒို-ပစိဖိတ်ဒေသတွင် မိတ်ဖက်များနှင့် ဆွေးနွေးမှုများ စတင်မည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဩစတြေးလျနှင့် အာဆီယံတို့သည် ဒေသတွင်းတွင် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ကင်ဘာရာရည်မှန်းချက်၏ လက္ခဏာတစ်ရပ်ဖြစ်သည့် “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” ကို ထူထောင်ရန် အောက်တိုဘာ ၂၇ က သဘောတူညီခဲ့ကြသည်။

ထိပ်သီးအစည်းအဝေးအပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက တောင်နှင့်အရှေ့တရုတ်ပင်လယ်များရှိ ရေကြောင်းလုံခြုံရေးအပေါ် ဂျပန်၏ ခိုင်မာသောရပ်တည်ချက်ကို သတင်းထောက်များအား ပြောကြားခဲ့ရာတွင် ရှင်ကျန်းဒေသရှိ ဝီဂါမွတ်စလင်လူနည်းစုများအပေါ် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်ဆိုင်ရာကိစ္စရပ်များကိုလည်း ကိုင်တွယ်ခဲ့ကြောင်း ကီရှီဒါ က အသိပေးခဲ့သည်။

ဟောင်ကောင်တွင် လွတ်လပ်ခွင့်များကို နှိပ်ကွပ်မှုနှင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ အရေးပါမှုကိုလည်း စိုးရိမ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း၌ ဂျပန်နှင့် အမေရိကန် ရေတပ်တပ်ဖွဲ့များသည် ပျံသန်းမှု စစ်ဆင်ရေး၊ မြေပြင်နှင့် လေတပ်များကြား ညှိနှိုင်းနည်းဗျူဟာလေ့ကျင့်မှု၊ ပင်လယ်ပြင်၌ ကုန်စည်၊လက်နက် လောင်စာဆီဖြည့်ဆည်းရေးလေ့ကျင့်မှုနှင့် ရေကြောင်းတိုက်ခိုက်မှုလေ့ကျင့်မှုများ စသည်တို့ပါဝင်သည့် ရေကြောင်းလုံခြုံရေး စစ်ဆင်ရေးများကို လုပ်ဆောင်လျက်ရှိသည်။

တရုတ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ကြားတွင်ရှိသော တောင်တရုတ်ပင်လယ်သည် ကမ္ဘာ့စီးပွားရေးအတွက် အလွန်အရေးပါလှသည်။ ကမ္ဘာ့ရေကြောင်းပို့ဆောင်မှု၏ သုံးပုံတစ်ပုံနီးပါးသည် အဆိုပါ လမ်းကြောင်းကို ဖြတ်သန်းကြသလို အဆိုပါ ပင်လယ်ရေပြင်သည် ငါးဖမ်းလုပ်ငန်းကြီးများ အခြေစိုက်ရာဒေသဖြစ်သည်။

လက်ရှိတွင် နိုင်ငံတကာ ပင်လယ်ပြင်ဆိုင်ရာလှုပ်ရှားမှုများကို တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံပေါင်း ၁၀၀ ကျော်က လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂ ပင်လယ်ရေကြောင်းဥပဒေဆိုင်ရာ သဘောတူညီချက် (UNCLOS) ဟုခေါ်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ဖြင့် ထိန်းချုပ်ထားသည်။

ထိုသဘောတူညီချက်အရနိုင်ငံများသည် ပင်လယ်ထဲသို့ ရေမိုင် ၁၂ မိုင်အထိ ရေပိုင်နက်အခွင့်အရေးများကို အကောင်အထည်ဖော်ခွင့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly