အကြမ်းမှု တိုက်ဖျက်ရေးဆိုင်ရာ အခက်အခဲများတွင် အိန္ဒိယနှင့် အမေရိကန်တို့အကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်မည်

အကြမ်းမှု တိုက်ဖျက်ရေးဆိုင်ရာ အခက်အခဲများတွင် အိန္ဒိယနှင့် အမေရိကန်တို့အကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်မည်

အမေရိကန်-အိန္ဒိယ သက်ဆိုင်ရာ ကဏ္ဍအသီးသီးအတွက် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ တရားဥပဒေစိုးမိုးရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ အကောင်းဆုံးလေ့ကျင့်မှုများ ဖလှယ်ရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ အခက်အခဲများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ပိုမိုလုပ်ဆောင်သွားရန် ၂ နိုင်ငံ တာဝန်ရှိသူများက ကတိပြုလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်တွင် ၁၈ ကြိမ်မြောက် အမေရိကန်-အိန္ဒိယ အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်း လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ၄ ကြိမ်မြောက် အမေရိကန်-အိန္ဒိယ လုပ်ငန်းတာဝန်ပေးခြင်းဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ်ကို အောက်တိုဘာ ၂၆ နှင့် ၂၇ ရက်တို့တွင် ဝါရှင်တန် ဒီစီမြို့၌ ကျင်းပခဲ့ကြောင်း ဖော်ပြထားသည်။

အိနိ္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန၏ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာအဖွဲ့ ပူးတွဲ အတွင်းရေးမှူး မဟာဗီရာ ဆင်းဝီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယာယီညှိနှိုင်းရေးမှူး ဂျွန်တီဂေါ့ဖရေးတို့သည် ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ခဲ့ကြသည်။

“အမေရိကန်-အိန္ဒိယ သက်ဆိုင်ရာ ကဏ္ဍအသီးသီးအတွက် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အကြမ်းဖက် တိုက်ဖျက်မှုဆိုင်ရ ပူးပေါင်းဆောင်ရွက်ရေးကို အရေးကြီးသည့်ကဏ္ဍတစ်ခုအဖြစ် ထပ်မံအတည်ပြုကြပြီး သက်ဆိုင်ရာ ကဏ္ဍတွေမှာ အရှိန်မြှင့် လုပ်ဆောင်ဖို့ ကတိပြုခဲ့ကြပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းများတွင် အိန္ဒိယပြည်သူ၊ အစိုးရတို့နှင့် လက်တွဲဆောင်ရွက်သွားမည်ဟု အမေရိကန်က ထပ်မံကတိပြုခဲ့သည်။

”အကြမ်းဖက်လုပ်ငန်းအတွက် ကြားခံလုပ်ဆောင်မှုတွေ၊ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်လုပ်ငန်း ပုံစံအမျိုးမျိုးတွေကို ၂ နိုင်ငံစလုံးက ပြင်းထန်စွာ ရှုတ်ချသလို ၂၆/၁၁ မွမ်ဘိုင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သူများကို တရားစီရင်ရန် တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၁၂၆၇ ပိတ်ဆို့အရေးယူရေးဆိုင်ရာ ကော်မတီက အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ထားသည့် အုပ်စုများကို ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၅၉၃ (၂၀၂၁) အရ တာလီဘန်တို့သည် အခြားနို်ငငံများကို ခြိမ်းခြောက်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းတို့အတွက် ဖြစ်စေ၊ အကြမ်းဖက်သမားများအား ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လေ့ကျင့်ပေးခြင်း ဖြစ်စေ၊ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အစီအစဉ်ရေးဆွဲခြင်းသို့မဟုတ် ငွေကြေးပံ့ပိုးရေးအတွက်ဖြစ်စေ အာဖဂန်နစ္စတန် နယ်မြေပိုင်နက်အား အသုံးမပြုရန် အမေရိကန်နှင့် အိန္ဒိယတို့က တောင်းဆိုလိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly