သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်မြန်မာ (STUM) ၏ ဒါရိုက်တာ အလုပ်သမား အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးသည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကူညီထောက်ပံ့မှု၊ ဆန္ဒပြမှုများ ဦးဆောင်မှု၊ လူထုနှင့် နိုင်ငံ့ဝန်ထမ်းများအား CDM တွင် ပါဝင်ရန် အားပေးမှု၊ အလုပ်သမားများနှင့် အတူ လမ်းပေါ်ထွက် ဆန္ဒပြမှုတို့ဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ပုဒ်မ ၅ဝ၅ (က) ဖြင့် တရားစွဲဆို ခံခဲ့ရသည့် အလုပ်သမား အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးသည် အောက်တိုဘာလ ၂၁ ရက်တွင် အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသည်။ ဖမ်းဆီးခံထားရသည့် ခုနစ်လ ဝန်းကျင်ကာလအတွင်း ၄၅ ရက်ကြာ မတရား တိုက်ပိတ် အပြစ်ပေးခံခဲ့ရမှု အပါအဝင် ၎င်း ကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်ပြီး ဒေါ်မျိုးမျိုးအေးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။