KNU နယ်မြေ၊ လေးကေကော်မြို့သစ်ကို စစ်တပ်က ၄ ကြိမ်မြောက် ဝင်စစ်

KNU နယ်မြေ၊ လေးကေကော်မြို့သစ်ကို စစ်တပ်က ၄ ကြိမ်မြောက် ဝင်စစ်

အောက်တိုဘာ ၃၁

ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လေးကေကော် မြို့သစ်ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့၊ အောက်တိုဘာလ ၃၁ ရက်၊ နံနက်ပိုင်းတွင် လာရောက် စစ်ဆေးခဲ့ကြောင်း လေးကေကော်မြို့သစ် တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဒေသကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်များ ရှိနေနိုင်သည်ဟု ဆိုကာ နယ်မြေရှင်းလင်းရေး အကြောင်း ပြချက်ဖြင့် လာရောက်စစ်ဆေးခြင်းဖြစ်ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျှင် လေးကြိမ်မြောက် ရှိပြီ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ကို အသိပေးတာက နယ်မြေရှင်းလင်းရေးပေါ့နော်။ အဲဒီအတွက် ဝင်တယ်ဆိုပြီး ဒီလောက်ပါပဲ။ အိမ်တွေဘာတွေ နည်းနည်း ဝင်စစ်ဆေးတယ်ပေါ့။ PDF တွေ၊ ဘာတွေ ရှိလာပေါ့” ဟု လေးကေကော်မြို့သစ် တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ခန့်မှန်းခြေ အင်အား ၄၀ ကျော် ပါဝင်သည့် စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၆၀) တပ်ရင်း စစ်ကြောင်းက နှစ်နာရီကျော်ကြာ တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးပြီးနောက် မွန်းတည့် ၁၂ နာရီလောက်တွင် ပြန်ထွက်သွားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ ကလည်း အင်အား ၁၀၀ ခန့် ပါဝင်သည့် စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၆၀) တပ်ရင်း စစ်ကြောင်းက ဝင်ရောက် စစ်ဆေးခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် လေးကေကော် မြို့သစ်ကို စစ်တပ်က ဝင်ရောက်စစ်ဆေးမှုသည် လက်ရှိအကြိမ်နှင်ဆိုလျှင် လေးကြိမ်မြောက် ရှိပြီ ဖြစ်သည်။

KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေရှိ လေးကေကော်မြို့သစ်ကို သမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ၊ နီပွန် ဖောင်းဒေးရှင်းက ကမကထ ပြုလုပ်ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ KIC FB

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly